အစိုးရပိုင်မြေကွက်တွေဝယ်ယူနိုင်မယ့် လျှောက်လွှာတွေကို ဒီနေ့စရောင်း

0
856
O Media,မြေကွက်,ရန်ကုန်
O Media,မြေကွက်,ရန်ကုန်

အောက်တိုဘာ(၇)ရက်၊ ၂၀၁၉။

ရန်ကုန်တိုင်းထဲမှာရှိတဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေကွက်ဝယ်ယူလို့ရမယ့် လျှောက်လွှာတွေကိုဒီနေ့မနက်ပိုင်းက စရောင်းချခဲ့ပြီး ပထမနေ့ နေ့လည်ခင်းမှာတင် လျှောက်လွှာဝယ်ယူတဲ့သူ (၈၀၀) နီးပါးရှိသွားပြီလို့မြို့တော်စည်ပင်က သိရပါတယ်။

လျှောက်လွှာတွေကို ဒီနေ့ အောက်တိုဘာ(၇)ရက်နေ့ မနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်စုပေါင်းရုံးမှာ ရောင်းချနေတာဖြစ်ပါတယ်။

လျှောက်လွှာ တစ်စောင်ကိုတော့ မှတ်ပုံတင်မူရင်းပြပြီး ငွေ(၁)သောင်းကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။

“ဘယ်မြို့နယ်မှာ ဘယ်အကွက်တွေကို ဘယ်လိုရောင်းမယ်ဆိုတာကို သတင်းတိတိကျကျ မသိဘဲနဲ့  အဲ့အချက်အလက်ကို လျှောက်လွှာဝယ်မှ ရမယ်ဆိုတာက ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တယ်လို့ ကျွန်တော်မြင်ပါတယ်”  လို့ ဒီနေ့ လျှောက်လွှာဝယ်ဖို့စောင့်ဆိုင်းနေတဲ့သူတစ်ယောက်က O Meida ကိုပြောပါတယ်။

ရောင်းချသွားမယ့် မြေကွက်(၅၀၀)ကျော်ဟာ ဒဂုံမြို့သစ် ၄ မြို့နယ်၊ လှိုင်သာယာ ရွှေပြည်သာတို့က မြေဧက(၈၀)ကျော်ပေါ်မှာ ရှိနေတာပါ။

မြေကွက်တန်ဖိုးဟာ အနိမ့်ဆုံး သိန်း(၆၀)ရှိပြီး မြေကွက်တွေမှာ ပေ ၄၀ x ၆၀ ကနေ ၁၀၀ x ၁၂၀ အထိကျယ်တဲ့အကွက်တွေကို ရောင်းချသွားမှာ ဖြစ်ပြီး စက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းသုံးမြေတွေလည်း ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အစ်ကိုတို့ကတော့ ဒီမြေကွက်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် ရောင်းချပေးစေချင်ပါတယ်။ ရောင်းမယ့်မြေကွက်က နည်းနည်းလေး လျှောက်လွှာတင်တဲ့သူက များများဆိုရင်အားလုံးအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ တကယ်ကို လိုအပ်နေတဲ့ ပြည်သူပြည်သားတွေ လက်ထဲကို ရောက်သွားမယ်ဆိုရင် နိုင်ငံအတွက် အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်”လို့ လျှောက်လွှာ လာဝယ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ဦးညီပေါက်က O Media ကိုပြောပါတယ်။

လျှောက်လွှာတွေကို အောက်တိုဘာလ(၇)ရက်ကနေ နိုဝင်ဘာလ(၆)ရက်နေ့အထိ တစ်လအတွင်း ဝယ်ယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ(၈)ရက်နေ့မှာ လျှောက်လွှာ ပြန်တင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အစိုးရပိုင်မြေကွက်တွေကို ရောင်းချတာကတော့ အခုအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။