အစိုးရသတ်မှတ်ထားတဲ့စပါးဈေးအတိုင်းဝယ်ဖို့ စက်ပိုင်ရှင်နဲ့ ကုန်သည်တွေကိုမှာကြားထား

0
282
O-Mediaဆန်စပါး
O-Mediaဆန်စပါး

နိုဝင်ဘာ(၁)ရက်၊ ၂၀၁၉။

စပါးဝယ်ယူတဲ့အခါ အစိုးရကြေညာထားတဲ့ ဈေးအတိုင်းဝယ်ယူဖို့ ဆန်စက်ပိုင်ရှင်တွေနဲ့ ဆန်ကုန်သည်တွေကို မှာကြားထားတယ်လို့ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။

“နိုင်ငံတော်ကလည်း ဖြစ်စေချင်တဲ့ ဈေးမျိုးပေါ့ MRF ရော အကိုတို့ အားလုံးကရောဖြစ်စေချင်တာပေါ့ စပါးအခုအခြေခံဈေးကို သတ်မှတ်ဈေးအတိုင်းဝယ်ယူဖို့ အားလုံးပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောထားတယ်”  လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးရာဇာမျိုးက ပြောပါတယ်။

ဈေးကွက်စီးပွားရေးစနစ်ဖြစ်တာကြောင့် သတ်မှတ်ပေါက်ဈေးထက်လျော့ပြီးအရောင်းအဝယ် ခက်ခဲတဲ့အချိန်မှာလည်း အစိုးရအနေနဲ့ ထိန်းကျောင်းပေးမယ်လို့ ယုံကြည်ကြောင်း ဦးရာဇာမျိုးက O Media ကို ပြောပါတယ်။

အခြေခံစပါးဈေးအတိုင်းဝယ်ယူမှုမရှိရင်တော့ တောင်သူလယ်သမားအခွင့်ရေးကာကွယ်ရေးဥပဒေနဲ့ အရေးယူမှုတွေလုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

၂၀၁၉ မိုးစပါး နဲ့ ၂၀၂၀ နွေစပါးအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်ူးကိုတော့ စပါးတင်း ၁၀၀ ကို ကျပ်ငွေငါးသိန်းအဖြစ်သတ်မှတ်ကြောင်းကို အစိုးရပြည်ထောင်စုဝန်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့  တောင်သူ လယ်သမားအခွင့်ရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင့်ရေးဦးဆောင်အဖွဲ့က ဒီနေ့အောက်တိုဘာ (၁၅)ရက်နေ့က ထုတ်ပြန်ကြေညာထားတာပါ။

“အရေးယူမှုအပိုင်းကတော့ အစိုးရဘက်ကလုပ်တာပေါ့ အခုထိတော့ အရေးယူမှုအပိုင်းတွေတော့ လုပ်ဆောင်တာတော့ မကြားမိသေးပါဘူး” လို့ ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးကပြောပါတယ်။

ကျပ်(၅)သိန်းသတ်မှတ်ထားတဲ့ စပါးတွေဟာ အစိုဓါတ်(၁၄)ရာခိုင်နှုန်းရှိပြီး အရည်သွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တစ်တင်း ၄၆ ပေါင် ကိုက် စပါးတင်း(၁၀၀) မှသာ အခြေခံ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။

ဈေးကွက်ပေါက်ဈေးက အခြေခံရည်ညွှန်းစပါးဈေးနှုန်းအထက်ကိုရောက်နေရင်တော့ ဈေးကွက်ပေါက်ဈေး အတိုင်း ဝယ်ရမှာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက ရည်ညွှန်းစပါးဈေးနှုန်းအောက် ရောက်နေရင်တော့ ရည်ညွှန်းစပါးဈေးနှုန်းအတိုင်း ဝယ်ယူရမှာ ဖြစ်ပါတယ်။

အခြေခံစပါးဈေးဝယ်ယူရမယ့်သတ်မှတ်ချက်တွေကို  ဗီနိုင်းကပ်ကြေညာပြီး ပွင့်ပွင့်လင်းလင်းရောင်းဝယ်လုပ်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။