အတိုင်ပင်ခံကို ICJ အထိ မြန်မာနိုင်ငံကနေသွားရောက်ဝန်းရံမယ်သူအယောက်(၂၀)ထိရှိလာ

0
12739
O Media, ICJ
O Media, ICJ

နိုဝင်ဘာ(၂၅)ရက်၊ ၂၀၁၉။

နယ်သာလန်နိုင်ငံ ICJ တရားရုံးမှာ သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကို မြန်မာနိုင်ငံ ကနေသွားရောက်ဝန်းရံဖို့အတွက် လူအယောက်(၂၀) စာရင်းပေးသွင်းထားတယ်လို့ ခရီးသွားကုမ္ပဏီတစ်ခုက သိရပါတယ်။

အဲဒီအယောက်(၂၀)အတွက် တစ်ယောက်ကို အမေရိကန်ဒေါ်လာ(၂၁၅၀)ကုန်ကျမှာဖြစ်ပြီး ကုမ္ပဏီဘက်က အမြတ်ငွေမယူဘဲ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ မနက်၊ ညစာနဲ့ ကားခအားလုံးအပြီးအစီး စီစဉ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အမေစုကို ဝန်းရံမယ်သူတွေကို ဝန်ဆောင်မှုပေးတာပါ။ ပုံမှန်ဆိုရင်ကုမ္ပဏီဆိုရင် အမြတ်တွေယူကြတယ်ပေါ့။ အမြတ်ယူပြီးရောင်းကြတာပေါ့။ အမေစုကိုဝန်းရံမယ့်သူတွေကို ဈေးနှုန်းကို အမြတ်လုံးဝမယူဘဲနဲ့ ဝန်ဆောင်မှုပေးသွားမှာပါ။ အခုလေယာဉ်လတ်မှတ်
သွားတဲ့ စာရိတ်ကတော့ (၁၀၀၀)ကျော်ရှိတာတွေရှိတယ်လေ။ ပေးရတဲ့နေရာအတွက်ပဲ တောင်းတာပါ။ စီစဉ်စာရိတ်တွေ မတောင်းပါဘူး။”လို့ အဲဒီကုမ္ပဏီရဲ့ တာဝန်ရှိသူ မဂျူလိုင်က O Media ကို ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝန်းရံမယ့်သူတွေကို ဝန်ဆောင်မှုပေးတာဟာ ကုမ္ပဏီနာမည် ကောင်းလိုချင်တာကြောင့်မဟုတ်ဘဲ ဝန်ဆောင်မှုပေးရုံသာဖြစ်ပြီး လိုက်ပါဝန်းရံမယ့်သူတွေအနေနဲ့ ဒီဇင်ဘာလ(၈)ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာမယ်လို့ သိရပါတယ်။

အဲဒီဝန်းရံမယ့်သူတွေဟာ ဒီဇင်ဘာလ(၉)ရက်နေ့မှာ အမ်စတာဒမ်(Amsterdam)မြို့ကိုရောက်ရှိမှာဖြစ်ပြီး (၁၀)၊ (၁၁)နဲ့ (၁၂)ရက်တွေမှာ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးရှိတဲ့ The Hague မြို့ကိုသွားမှာဖြစ်ပြီး ဒီဇင်ဘာလ (၁၃)ရက်နေ့မှာ ပြန်လည် ထွက်ခွါလာကြမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကုမ္ပဏီအနေနဲ့ နယ်သာလန်ကိုသွားဖို့ (၁၀)ယောက်ရှိရင် တစ်ယောက်ကို ဒေါ်လာ(၂၄၂၀) ကျသင့်မှာဖြစ်ပြီး အယောက်(၂၀)ပြည့်ရင်တော့ (၁)ယောက်ကို ဒေါ်လာ(၂၁၅၀) ကျသင့်မှာဖြစ်တယ်လို့ Facebook မှာရေးသားဖော်ပြပြီး မျှဝေနေကြတာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့နာမည်ကိုတော့ကြော်ငြာပေးသလိုဖြစ်မှာစိုးတဲ့အတွက် ထည့်ပြီး မရေးသားထားကြပါဘူး။

“တန်လားဆိုတော့ ဒီကိစ္စက ငွေကြေးနဲ့တော့ တန်ဖို့းဖြတ်လို့မရဘူး။ EU ကိုသွားရင် လေယာဉ်ခတင်(၁၀၀၀) နဲ့ (၁၅၀၀)ကြားမှာရှိတယ်။ နောက်ပြီး နေစာရိတ်စားစာရိတ်ရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်က သွားမယ် ဆိုရင်တောင် အလုပ်တွေပစ်ပြီးသွားရမှာဖြစ်ပေမဲ့ နိုင်ငံအတွက် ဝန်းရံဖို့သွားတာက တန်ပါတယ်။ ကျွန်တော် လည်း ထောက်ခံပါတယ်။ အခြေအနေပေးရင် ဝန်းရံချင်ပါတယ်။”လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းကော်မတီရဲ့ တတ်သိပညာရှင် ဦးသက်လွင်တိုးက O Media ကို ပြောပါတယ်။

ဒါ့အပြင် ICJ တရားစွဲဆိုမှုကိုရင်ဆိုင်မယ့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဝန်းရံဖို့ ဥရောပနိုင်ငံအစုံက မြန်မာတွေကို ဖိတ်ခေါ်ထားပြီး နေရေးစားရေးအတွက်ကိုလည်း နယ်သာလန်ရောက် မြန်မာတွေက ဝိုင်းပြီး တာဝန်ယူပေးကြမှာ ဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အင်္ဂလန်နိုင်ငံမှာနေထိုင်နေတဲ့ ပိုးဖြူသန့် အကောင့်ပိုင်ရှင်က ရေးသားထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲခံရမှုနဲ့ပတ်သက်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ(၂၀)ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မမ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ OIC ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားတာဖြစ်ပါတယ်။

အဲဒီလို ICJ မှာသွားရောက်ဖြေရှင်းတဲ့အခါ တပ်မတော်အနေနဲ့ နိုင်ငံတော်အစိုးရဲ့ ဦးဆောင်မှုအောက်မှာ လိုက်ပါဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

“နိုင်ငံတော်အစိုးရက လိုအပ်ခဲ့လိုရှိရင်လည်း ကျွန်တော်တို့ဆီမှာရှိတဲ့ သက်သေခံအထောက်အထားတွေ၊ စာရွက်စာတမ်းတွေ အထောက်အထားတွေနဲ့ လိုက်ပြီးတော့မှ ဆောင်ရွက်ပေးမှာလို့ဖြေကြားလိုပါတယ်။”လို့ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ်သောင်းနိုင်က မနေ့က နိုဝင်ဘာ(၂၅)ရက်နေ့မှာ မီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါ့အပြင် အစိုးရက လိုက်ပါဖို့ခေါ်ဆောင်ရင်လည်း တပ်မတော်ဘက်က လိုက်ပါဖို့အဆင့်သင့်ရှိနေတယ်လို့သိရပါတယ်။