အပူပိုင်းမုန်တိုင်းကြောင့် မိုးကြီးနိုင်တဲ့အတွက် ဆည်တွေမထိခိုက်အောင်အလေးထားဖို့ညွှန်ကြားထား

0
75
O Media
O Media

Photo Credit : Windy

စက်တင်ဘာ(၁၇)ရက်၊ ၂၀၂၀။

အပူပိုင်းမုန်တိုင်း “နို” ကြောင့် မြန်မာနိုင်ငံထဲမိုးကြီးနိုင်တဲ့အတွက် ရေလွှဲဆည်တမံနဲ့ ဆက်စပ်အဆောက်အုံတွေ ထိခိုက်ပျက်ဆီးမှုမဖြစ်အောင် အထူးအလေးထားဆောင်ရွက်ကြဖို့ စက်တင်ဘာလ(၁၆)ရက်နေ့ရက်စွဲနဲ့ ဆည်မြောင်းနဲ့ ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက အပူပိုင်းမုန်တိုင်း “နို” ကြောင့် စက်တင်ဘာ(၁၉)ရက်ကနေ(၂၂)ရက်အထိ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးတာနဲ့ နေရာကွက်မိုးကြီးနိုင်တယ်လို့ မနေ့ကထုတ်ပြန်ထားတာပါ။

ဒါကြောင့် အထူးအလေးထားဆောင်ရွက်ကြဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ဆည်မြောင်းနဲ့ ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနကို ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

လျှပ်တစ်ပြက်ရေကြီးမှုတွေကြောင့် ရုံးအဆောက်အုံ၊ အရေးကြီးစာရွက်စာတမ်းတွေ၊ အလုပ်ရုံတွေကိုလည်း ထိခိုက်ပျက်ဆီးမှုမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ထားဖို့ ညွှန်ကြားချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် တမံနဲ့ဆက်စပ်အဆောက်အုံတွေ ၊ ရေလွှဲဆည်၊ ရေထိန်းတံခါး၊ ကန်၊ မြစ်ရေတင်လုပ်ငန်း၊ ရေပေးမြောင်း၊ ရေပေးအဆောက်အုံ၊ ရေဘေးကာကွယ်ရေးတာ၊ ရေငန်တားတာတွေ ထိခိုက်ပျက်ဆီးမှုမဖြစ်အောင် ကြိုတင် ကာကွယ်ရေးစီမံချက်တွေအတိုင်း အထူးအလေးထား (အထူးအလေးထား) ဆောင်ရွက်ကြဖို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။