အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တို့ရဲ့ MMA မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲ ဧပြီ ၂၁ ရက်မှာ ထိုးသတ်မယ်

0
79
O Media
O Media

Photo : One Championship

ဇန်နဝါရီ (၂၈) ရက်၊ ၂၀၂၁။

မြန်မာနာမည်ကြီး MMA ကစားသမား အောင်လအန်ဆန်နဲ့ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့ရဲ့ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲကို ဧပြီလ (၂၁) ရက်မှာ ကျင်းပမယ်လို့ One Championship က သတင်းထုတ်ပြန်လိုက်ပါတယ်။

One Championship ရဲ့သတင်းထုတ်ပြန်ချက်အရ ဧပြီလအတွင်း MMA ပြိုင်ပွဲသုံးပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ဧပြီ ၇ ရက်တွင် ကျင်းပမယ့် ပွဲစဉ်မှာ မိုရက်စ်နဲ့ ဂျွန်ဆင်တို့ရဲ့ ဖလိုင်းဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲ၊ အယ်ဗာရက်နဲ့ လာပီကပ်စ်တို့ရဲ့ လိုက်ဝိတ်တန်း စိန်ခေါ်ပွဲ၊ ဧပြီ ၁၄ ရက်မှာ လီနဲ့ နက်ယူဟင်တို့ရဲ့ လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ဧပြီ ၂၁ ရက်မှာတော့ အောင်လအန်ဆန်က ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပြီး သူတို့နှစ်ယောက်က MMA ပြိုင်ပွဲတစ်လျှောက် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။

၂၀၁၇ ဇန်နဝါရီလတုန်းက အင်ဒိုနီးရှားနိုင်ငံမှာထိုးသတ်ခဲ့တဲ့ပွဲမှာ ဘစ်ဒက်ရှ်က အောင်လကို အမှတ်နဲ့အနိုင်ရခဲ့ပြီး ၂၀၁၇ မြန်မာနိုင်ငံမှာ ဇွန်လမှာပဲ ပြန်လည်ထိုးသတ်ခဲ့ရာမှာ အောင်လက ဘစ်ဒက်ရှ်ကို အမှတ်နဲ့အနိုင်ရပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဖြစ်ခဲ့တာပါ။

အောင်လနဲ့ ဘစ်ဒက်ရှ်တို့က ပြီးခဲ့တဲ့ ဧပြီလတုန်းက ထိုးသတ်ဖို့စီစဉ်ခဲ့ပေမယ့် ဘစ်ဒက်ရှ်ရဲ့ ဒဏ်ရာအခြေအနေကြောင့် ပွဲပျက်ခဲ့ပါတယ်။

ဒါ့ကြောင့် အောင်လအန်ဆန်က စင်ကာပူနိုင်ငံမှာ ၂၀၂၀ အောက်တိုဘာ (၃၀) ရက်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူနယ်သာလန် ဖိုက်တာဒီရစ်ဒါနဲ့ ထိုးသတ်ခဲ့ပြီး ပထမအချီမှာ ချုပ်ကွက်မိပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပါတယ်။

အသက် (၃၆)နှစ်အရွယ် ဘစ်ဒက်ရှ်သည် MMA ပြိုင်ပွဲ ၁၂ ပွဲ ထိုးသတ်ထားပြီး (၁၀) ပွဲနိုင် နှစ်ပွဲ ရှုံးနိမ့်ထားပါတယ်။ အသက် (၃၆)နှစ်အရွယ် အောင်လအန်ဆန်ကတော့ MMA ပြိုင်ပွဲတစ်လျှောက် (၃၇) ပွဲကစား၊ (၂၆) ပွဲနိုင်၊ (၁၁) ပွဲ ရှုံးနိမ့်ထားပါတယ်။