ရေခဲတောင်ပေါ်ကပြုတ်ကျသေဆုံးခဲ့တဲ့မစိမ့်ထက်အမှုကို ပထမအကြိမ်စတင်စစ်ဆေး

0
157
ရေခဲတောင်
ရေခဲတောင်

ဇူလိုင်လ(၁၅)ရက်၊ ၂၀၁၉။

ရေခဲတောင်ပေါ်ကအဆင်းမှာ ပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်အမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဇူလိုင်လ(၁၅)ရက်နေ့ ပူတာအိုတရားရုံးမှာ မစိမ့်ထက်ရဲ့ဖခင်ဖြစ်သူဦးမောင်မောင်လေးကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မစိမ့်ထက်တောင်တက်ခရီးစဉ်လိုက်ပါသွားခဲ့တဲ့ The Summiter အဖွဲ့ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်တို့ကို ပုဒ်မ ၃၀၄(က) နဲ့ တရားစွဲဆိုထားပြီး သူတို့ကိုဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဒီနေ့စစ်ဆေးမှုက တစ်ဝက်သာ စစ်ဆေးနိုင်ခဲ့တဲ့အတွက် (၁၇)ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

“စစချင်းဖြစ်ပွားတဲ့အကြောင်းကို စစ်ဆေးခဲ့တာပါ၊ စ စစ်ဆေးနေတဲ့အခြေအနေဆိုတော့ အမှုအခြေအနေက ဘာမှန်းမသိသေးပါဘူး၊ အခုမှ အစပျိုးတုန်းပဲရှိသေးတယ်၊ သူတို့က အလွန်ပေါ့လျော့လို့ ကျွန်တော့်သမီး သေဆုံးသွားရတာဖြစ်တယ်၊ သူတို့မှာ တောင်တက်ကြိုး ပါမသွားဘူး၊ ရေခဲပုစိန်ပါမသွားဘူး၊ ခရီးသွားလိုင်စင်မရှိဘူး၊ သက်ဆိုင်ရာကိုလည်း အကြောင်းကြားမသွားဘူး အဲ့ဒီအချက်တွေနဲ့ တိုင်ကြားတာဖြစ်တယ်”လို့ မစိမ့်ထက်ရဲ့ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက O Media ကို ပြောပါတယ်။

နောက်ရုံးချိန်မှာ မစိမ့်ထက်ရဲ့ဖခင်ဖြစ်သူ ဦးမောင်မောင်လေးကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ဒီအမှုမှာ တရားလိုပြသက်သေ (၃၀)ဝန်းကျင်လောက် စစ်ဆေးရမယ်လို့လည်း မစိမ့်ထက်ရဲ့ဖခင်ဖြစ်သူဆီက သိရပါတယ်။

မစိမ့်ထက်ဟာ ဧပြီလ ၆ ရက်နေ့က သူအပါအဝင် အဖွဲ့ဝင် ၂၁ ဦးနှင့်အတူ (The Summiter) ဆိုတဲ့ တောင်တက်အဖွဲ့နဲ့အတူ စတင်တောင်တက်ခဲ့ပြီး တောင်တက်ခရီးစဉ်အပြန်မှာခြေချော်ပြီး ချောက်ထဲကို ကျသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မေလ(၂၅) ရက်နေ့မှာ ဒေသခံတိုင်းရင်း(၈)ယောက်ပါတဲ့အဖွဲ့ဟာ ဖန်ဂရန်ရာဇီရေခဲတောင်မှာ မစိမ့်ထက်ရဲ့ ခန္ဓာကိုယ်ကို သွားရောက်ရှာဖွေခဲ့ပြီး ပူတာအိုကိုအရောက် ပြန်လည်သယ်ဆောင် ပြီးတဲ့နောက် တာဝန်ရှိသူတွေကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။