ပြည်သူတွေလမ်းပေါ်ထွက်လာတာဟာ လွှတ်တော်က ဥပဒေကို မလိုက်နာလို့ဖြစ်တယ်လို့ USDP ပြော

0
244
ခြေဥ
ခြေဥ

သြဂုတ်လ(၁)ရက်၊ ၂၀၁၉။

ဒီနေ့သြဂုတ်လ(၁)ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒုတိယနေ့အဖြစ် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း (၂၄)ယောက်က ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ လွှတ်တော်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပါတီစုံစနစ်ကိုကူးပြောင်းပေးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်၊ ပထမအကြိမ် အစိုးရတို့ကို ၅ နှစ်သက်တမ်းကုန်ဆုံးတဲ့အထိ အခက်အခဲမရှိ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲပေးခဲ့တဲ့အတွက် ခြေဥရဲ့ အခန်း(၁၂)အတိုင်း ဆောင်ရွက်ဖို့ ဆွေးနွေး ခဲ့ပါတယ်။

“ဒုတိယအကြိမ်တက်လာတဲ့လွှတ်တော်၊ အစိုးရအတွက် အခက်အခဲရှိလို့ပြင်ချင်ရင်တော့ အခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့မြစ်ဖျားခံရာ ပင်မဥပဒေဖြစ်လို့ ဥပဒေပါပြဌာန်းချက်တွေနဲ့အညီပြင်ဖို့လိုပါတယ်။”လို့ ဒေါ်နန်းနီနီအေးကပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၄၅ ယောက်ကော်တီဖွဲ့စည်းပြီး လုပ်ဆောင်နေတာဟာ ဥပဒေ၊ နည်းဥပဒေနဲ့မညီ သလို ဥပဒေပြဌာန်းချက်တွေအပေါ် မျက်ကွယ်ပြုနေတယ်လို့လည်း USDP ကိုယ်စားလှယ်တွေက ပြောဆိုခဲ့ကြ ပါတယ်။

“ဖွဲ့စည်းပုံအခြခံဥပဒေကို အခန်း(၁၂)အတိုင်းဆောင်ရွက်မယ်ဆိုရင် ဒီကနေ့ နိုင်ငံတဝှမ်းမှာဆန္ဒပြနေတဲ့ ပြင် ဆင်ဖို့ထောက်ခံသူတွေရော၊ ကန့်ကွက်သူတွေရော လမ်းမပေါ်ထွက်ဆန္ဒဖော်ထုတ်တာနည်းသွားမှာ မလွဲဧကံ ဖြစ်ပါတယ်။ အခုတော့ ပြည်သူတွေကို လမ်းပေါ်ရောက်အောင် လုပ်လိုက်တာဟာ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်း ဥပဒေတွေကို ကျွန်တော်တို့ လွှတ်တော်က လိုက်နာမှုမရှိလို့ ဖြစ်တယ်ဆိုတဲ့အချက်ကတော့ ငြင်းပယ်လို့မရပါ ဘူး။”လို့ USDP ပါတီရဲ့ မက်မန်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးကပြောပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ပြဌာန်းချက်တွေရှိပေမယ့် ပါတီအစုအဖွဲ့တွေအားလုံးပါဝင်နိုင်အောင်ဆိုတဲ့ စကားရပ်ကိုအသုံးပြုပြီး ၄၅ ယောက်ကော်မတီဖွဲ့စည်းပြီးတော့ ဖွဲ့ပြင်ဆင်ရေးဆောင်ရွက်တာဟာ ဥပဒေနဲ့မညီ တဲ့လုပ်ဆောင်ချက်တွေဖြစ်လို့ အဲဒီလုပ်ဆောင်ချက်ကထွက်ပေါ်လာတဲ့အစီရင်ခံစာကို အတည်ပြုလို့မရဘူးလို့ လည်း ကန့်ကွက်ခဲ့ကြပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို နိုင်ငံရေးပါတီတစ်ခုထဲရဲ့ သဘောထားနဲ့ ဦးတည်ချက်ချမှတ်ပြီး ဆန္ဒရှိ သလိုနည်းလမ်းနဲ့ ဆောင်ရွက်တာဟာ သင့်လျော်မှုမရှိလို့ ဥပဒေပြဌာန်းချက်တွေအရဘဲ လုပ်ဆောင်သင့်ပါ တယ်။”လို့ USDP ပါတီရဲ့ ပျော်ဘွယ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လက်မှတ်ရယူထားတဲ့ ပြည်သူ(၅)သန်းဆိုတာဟာလည်း မှန်၊ မမှန်မ သိရတာ ပေမယ့် မြန်မာနိုင်ငံမှာ ပြည်သူ(၅၄)သန်းရှိတာကို သတိပြုပေးဖို့ ဦးသောင်းအေးက ထပ်ပြီးပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဥပဒေနဲ့မညီတဲ့ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကိုပယ်ဖျက်ပေးဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ်(၂၀)ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း(၂)ခုကို အခြေခံဥပဒေအခန်း (၁၂)နဲ့အညီဆောင်ရွက်ဖို့၊ ပြင်ဆင်လိုတဲ့ အခြေခံဥပဒေပြဌာန်းချက် တစ်ရပ်ရပ်စီကိုလည်း ဒို့တာဝန်အရေး(၃)ပါး ဦးထိပ်ထားပြီး ဥပဒေနဲ့အညီဝိုင်း ဝန်း ပြင်ဆင်ညှိနှိုင်းကြဖို့ USDP ပါတီကိုယ်စားလှယ် တွေက တိုက်တွန်းလိုက်ပါတယ်။

“အချိန်အခါအရ ဒီဥပဒေကိုပြင်ဆင် သုံးသပ်ဖို့ အချိန်ကျရောက်ပြီလို့ ပြောနိုင်ပါတယ်။ အခြေအနေကလည်း ပေးနေပါတယ်။ ပြည်ထောင်စုပြိုကွဲမှာ ကို စိတ်ပူပန်နေရတဲ့အခြေအနေက လွန်မြောက်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ အခြေခံဥပဒေကိုမပြင်ဘဲ ဒီအတိုင်းဆက်ပြီး စခန်းသွားလို့တော့ မရပါဘူးလားလို့ မေးစရာရှိပါတယ်။ ပြည်ထောင်စုမပြိုကွဲဖို့ လက်နက်နဲ့ အင်အားနဲ့ ထိန်းထားလို့ရကောင်းရမှာပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကတော့ ရမှာမဟုတ်ပါဘူး။”လို့ NLD ရဲ့ ပုဗ္ဗသီရီမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်ကပြောပါတယ်။

ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဖက်ဒရယ်စနစ်အကောင်အထည်ဖော်မှာကို လက်ခံခဲ့ကြပြီး အင်အားကြီးတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်တို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သီးမခံနိုင်တာတွေကို သီးခံကြပြီး အဖြေရှာကြဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေးကို ပူးပေါင်းကော်တီဝင်(၄၅)ယောက်နဲ့ (၆)လအတွင်း(၂၅) ကြိမ်အစည်းအ ဝေးထိုင်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့ အချက်အလက်ပေါင်း(၃၇၆၅)ချက်ပါဝင်တဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ ဒီလထဲတင်သွင်းခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းကော်တီရဲ့ အစီရင်ခံစာကို ဇူလိုင်လ ၃၀ ရက်မှာပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ကိုယ်စားလှယ်(၁၇)ယောက်ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၁ ရက်နေ့မှာတော့ ကိုယ်စားလှယ်(၂၄)ယောက်က ဆက်လက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။