၂၀၂၀ ရွေးကောက်ပွဲအပေါ် ရခိုင်ဒေသခံတွေ အရင်ကထက် စိတ်ဝင်စာမှုနည်းပါးနေ

0
368
O Media,ရခိုင်
O Media,ရခိုင်

Photo : REC

ဒီဇင်ဘာ(၆)ရက်၊ ၂၀၁၉။

ရခိုင်ပြည်နယ်က ဒေသခံတွေဟာ ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် စိတ်ပါဝင်စားမှုနည်း နေသေးတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

“ရွေးကောက်ပွဲအပေါ် အာရုံစူးစိုက်မှုကတော့ ပြီးခဲ့တဲ့အခေါက်ထက်တော့ နည်းသွားတာပေါ့နော်။ အခု မြောက်ဦးမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတော့ ကိုယ့်လယ်ယာ၊ ကိုင်းကျွန်းကိုတောင် ကောင်းကောင်းလုပ် စားလို့မရဘူး။ မိမိနေရပ်မှာလည်းကောင်းကောင်းနေလို့မရဘူးဆိုတော့ ရွေးကောက်ပွဲအပေါ်မှာ သူတို့ရဲ့ ပါ ဝင်ပူးပေါင်းမှုတွေက သိသိသာသာကို နည်းသွားနိုင်တယ်။”လို့ မြောက်ဦးပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က O Media ကိုပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တိုက်ပွဲရှောင်အရေအတွက်ကလည်း (၁)သိန်းနီးပါးရှိလာပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က သိရပါတယ်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ ပြည်သူလူထုမဲပေးမှုက အားကျိုးမာန်တက်ဆန္ဒမဲပေးခဲ့ကြတယ်။ ဒါ ပေမယ့် ဒီနှစ်မှာကျတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းသွားကြတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထု မဲပေးထားတဲ့အစိုးရက အခက်အခဲတွေကို မဖြေရှင်းပေးနိုင်တဲ့အခါ ပြည်သူလူထုက အားကိုး ချင်စိတ်လည်းမရှိတော့ဘူးပေါ့နော်။”လို့ REC ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက O Media ကိုပြောပါတယ်။

အခုအချိန်မှာတော့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအတွက် ကနဦးမဲစာရင်းကို ပြီးခဲ့တဲ့စက်တင်ဘာလက ကောက်ယူပြီးစီးခဲ့ပေမဲ့ စာရင်းအတိအကျကိုတော့ ထုတ်ပြန်လို့မရသေးဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

“ကောက်ယူတာက လူဦးရေစာရင်းက ထွေအုပ်ကကောက်တာပေါ့နော်။ အဲ့ဒီလူဦးစာရင်းကနေ မဲစာရင်း ထပ်ကောက်လိုက်တာပါ့နော်။ ထွေအုပ်ကနေ တစ်လပြီး တစ်လစာရင်းတွေကို Update လုပ်တာပေါ့နော်။ အဲဒီ Update လုပ်ထားတာတွေကို မြေပြင်နဲ့ပြန်တိုက်ပြီးမှ ထွေအုပ်က ကိုယ်တို့ကိုပေးတာပေါ့နော်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုအချိန်မှာတော့ ဝန်ထမ်းတွေကို Sharing လုပ်နေပါပြီ။ ပြီးမှ ပြည်သူတွေပေါ့ နော်။”လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြည်နယ်ဦးစီးမှူး ဦးသူရိန်ထွဋ်က O Media ကို ပြောပါတယ်။

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလလောက်မှာကျင်းပနိုင်တယ်လို့ လွှတ်တော်ကိုယ် စားလှယ်တွေကခန့်မှန်းထားပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကတော့ မဲရုံပေါင်း(၂၀၀၀)ကျော်၊ မဲ ပေးသူ(၁၄)သိန်းကျော်ရှိခဲ့ပါတယ်။

“ရွေးကောက်ပွဲဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ ကျွန်တော်တို့အတွက် သိပ်ပြီးအရေးမပါဘူးဗျ။ ရခိုင်တွေအားလုံး အတွက် ရွေးကောက်ပွဲကသိပ်အရေးမပါဘူး။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲဖြစ်လို့ အဲဒီရွေးကောက် ပွဲနိုင်လို့ရှိရင်လည်း ကျွန်တော်တို့ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဗဟိုအစိုးရက သူတို့ ခိုင်းချင်တဲ့သူတွေကိုခန့်မှာ။ ပြီးရင်သူတို့စီမံခန့်ခွဲချင်သလို ခန့်ခွဲမှာ။ လုပ်ချင်သလိုလုပ်မှာ။ အဲဒါကြောင့်မို့ ဒီ ရွေးကောက်ပွဲဝင်ပြိုင်လို့ နိုင်လို့ရှိရင်လည်း ရခိုင်တွေအတွက်တော့ ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။”လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက O Media ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ နေရပ်စွန့်ခွာထွက်ပြေးလာကျတဲ့ စစ်ဘေးရှောင်တွေကို စားနပ် ရိက္ခာထောက်ပံ့ပေးတဲ့သူတွေကို တားဆီးတာတွေရှိခဲ့လို့ ပြည်သူလူထုတွေက အစိုးရအပေါ် ပြစ်တင်ဝေဖန် တာတွေလည်းရှိခဲ့ပါတယ်။