၂၀၂၀ ရွေးကောက်ပွဲမှာ မူဝါဒ အငြင်းပွားမှုမဖြစ်အောင် SNLD ရွေးကော်ကို အယူခံဝင်မယ်

0
185
SNLD
SNLD

ဇွန်လ(၂၆)ရက်၊ ၂၀၁၉။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အနေနဲ့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး
နေရာ ရှုံးနှိမ်ခဲ့တာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ စီရင်ချက်အပေါ် ဇွန် ၂၆ ရက်မှာ အယူခံဝင်သွားမယ်လို့ သိရပါတယ်။

အယူခံတင်သွင်းတာဟာ SNLD ရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်နန်းထွေးမွန် ရှုံးနှိမ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ ခုံရှုံးရဲ့စီရင်ချက်အပေါ်မကျေနပ်တာကြောင့်မဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲမှာ မူဝါဒတွေ အငြင်းပွားမှုမဖြစ်
အောင် တင်သွင်းရတာလို့ အဲဒီပါတီရဲ့ ဒုတိယဥက္ကဌ(၁)ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

“အစကတော့ အယူခံမဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် ကော်မရှင်ရဲ့စီရင်ချက်ကို စစ်ဆေးလိုက်တဲ့အခါ မှာ စီရင်ချက်တွေဟာ ကျွန်တော်တို့ပါတီကိုယ်စားလှယ်လောင်းတစ်ယောက်တည်းအတွက် မသက်ဆိုင်ဘဲနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အားလုံးနဲ့ သက်ဆိုင်နေတာမို့ အယူခံတင်သွင်းတာဖြစ်ပါ တယ်။”လို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

၂၀၁၈ နိုဝင်ဘာလမှာပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ဦးစိုင်းပန်းဆိုင်က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီမှာ NLD ကိုယ်စားလှယ်အနေနဲ့ မဲဆွယ်အသုံးစာရိတ်ကို စာရင်းတင်သွင်းတဲ့အသုံးစာရိတ်နဲ့ ကွာဟနေတယ်ဆိုပြီး SNLD ပါတီက ပြန်လည်စီစစ်ပေးဖို့တောင်းဆိုခဲ့တာကြောင့် ရွေးကောက်ပွဲကော်မရှင်က စီစစ်ပြီးတဲ့နောက် SNLD ပါတီကို ရှုံးနိမ့်တယ်ဆိုပြီး ဇွန်လ(၁၃)ရက်နေ့က သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဘက်ကို အရှုံးပေးလိုက်တယ်။ ဒါကလည်း သိပ်တော့ပြဿနာမရှိပါဘူး။ အခုတံဆိပ်ခေါင်း(၅၈) ရာခိုင်နှုန်းမကပ်ဘဲနဲ့ ငွေစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဆက်ပြီးလက်ခံနေမယ်ဆိုရင် ၂၀၂၀ မှာ လည်း ဒီလိုတံဆိပ်ခေါင်းမကပ်ရင် ဒီလိုကိစ္စတွေထပ်ဖြစ်လာမှာပါ။ တခြားအာဏာရပါတီရဲ့ ကိုယ်စားလှယ်
လောင်းကျတော့ လက်ခံပြီးတော့ အတိုက်ခံပါတီရဲ့ ကိုယ်စားလှယ်လောင်းကိုကျလက်မခံဘူးလား။ မူကတစ်မူ တည်းမဟုတ်ဘူး ဖြစ်သွားမှာပေါ့။ ၂၀၂၀ မှာဒါတွေက အငြင်းပွားမှုတွေက အခုကတည်းမဖြေရှင်းရင် ဖြစ်လာမှာဘဲ။ ဒါကိုရည်မှန်းပြီးပြောချင်ပါတယ်။”လို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။

အယူခံမတင်ရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုစီရင်ချက်ဟာ ဒီအတိုင်းပဲရှိနေမှာဖြစ်ပြီး အနိုင်ရပါတီက
မူဝါဒကိုသတ်မှတ်ပြီး လုပ်ဆောင်နေမယ်ဆိုရင် ကော်မရှင်အနေနဲ့ရော ၂၀၂၀ ရွေးကောက်ပွဲကာလမှာပါ
ထိခိုက်လာမှာဖြစ်လို့ စည်းမျဉ်း၊ စည်းကမ်းအတိုင်း သွားစေလိုတယ်လို့ SNLD ပါတီက သိရပါတယ်။

“ကျွန်မတို့ စည်းရုံးရေးဆင်းတဲ့အခါ သက်ဆိုင်ရာမြို့နယ်ကော်မရှင်မှာ အကြောင်းကြားရပါတယ်။ ဘယ်နေရာ၊ ဘယ်မြို့နယ်မှာ စည်းရုံးရေးဆင်းရမယ် ဆင်းရုံးရေးဆင်းမယ့် လူဘယ်လောက်ဆိုတာကို တင်ရပါတယ်။ NLD စာရင်းတင်တဲ့အခါ ပါတီကိုယ်စားလှယ်ရဲ့ စီးတဲ့ကားစာရင်းပဲတင်ပြီး ကျန်တဲ့လူတွေရဲ့ကားစာရင်းတွေ လူစာရင်းတွေမတင်ထားဘူး။ ဒါကို ကျွန်မက ကန့်ကွက်တာ။ စာရင်းတင်ထားတာ ၃၀ ဆိုပေမယ့် စည်းရုံးရေး ဆင်းတာ (၄)ယောက်ပဲ၊ ကျန်တဲ့လူက ဝိုင်းရံသူဖြစ်လို့ ကုန်ကျစာရိတ်ထုတ်ပေးတာမရှိဘူး လို့ပြောပါတယ်။ အဲဒါကို ကော်မရှင်ကလက်ခံတယ်။ အဲလိုလက်ခံရင် လာမယ့် ၂၀၂၀ ကျ ပါတီတစ်ခုချင်းစီက သူ့မူဝါဒနဲ့ သူလာရင် ရွေးကောက်ပွဲဥပဒေဟာ ရွေးကောက်ပွဲနဲ့မညီတော့ဘူးဖြစ်လာမှာပါ။”လို့ ဒေါ်နန်းထွေးမွန်ကပြောပါတယ်။

ရွေးကောက်ပွဲဥပဒေ ပုဒ်(၇၃)အရရွေးကောက်ပွဲမဲဆွယ်ကာလမှာ အသုံးပြုတဲ့ ငွေစာရင်းကိုမှတ်သားတင် ပြရမှာဖြစ်ပြီး ပုဒ်မ ၇၃ (ခ)အရ ငွေစာရင်းကို တခြားတစ်ယောက်က ကူညီတဲ့ငွေဖြစ်စေ၊ ကုမ္ပဏီကနေ ကူညီတဲ့ငွေဖြစ်စေ အပြင်ကနေကူညီတဲ့ငွေဖြစ်စေ တင်ပြရမှာဆိုပေမယ့် NLD ပါတီကိုယ်စားလှယ်အနေနဲ့မလိုက်နာဘဲ ပါတီမူဝါဒစည်းကမ်းကြောင့် မထည့်ထားတာလို့ တင်ပြတာကို ရွေးကောက်ပွဲကော်မရှင်က လက်ခံဆုံးဖြတ်ခဲ့တယ်လို့ ဒေါ်နန်းထွေးမွန်ကပြောပါတယ်။

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာမျိုးညွန့်ကတော့ အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လာရင် ပါတီက လွှမ်းမိုးမှုမရှိဘူးလို့ O Media ကို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က သူ့ရဲ့လုပ်ထုံး၊ လုပ်နည်းအတိုင်း လွတ်လပ်စွာစီရင် သုံးသပ်ခဲ့တာလို့ပဲ
ကျွန်တော်ထင်ပါတယ်။ လုပ်ထုံး၊ လုပ်နည်းနဲ့ မညီဘူးထင်ရင် သူတို့အနေနဲ့လည်း အကိုးအကားနဲ့ အယူခံတင်လို့ရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို အစိုးရခန့်ထားတာနဲ့ ပတ်သက်လို့ တည်ဆဲဥပဒေအရ ခန့်ထားတာဖြစ်ပါတယ်။ ဒါကို ပြုပြင်ပြောင်းလဲဖို့ သူတို့တင်ပြလို့ရပါတယ်။” လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကိုတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ့ဆန္ဒနဲ့တစ်ထပ်တည်းကျရောက်မှုစတဲ့ စံ(၅)ချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနှစ်ထဲမှာ ပြောဆိုထားပါတယ်။