ကော့မှူးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြေထပ်ဖြစ်လာမလား

0
298

ဇူလိုင်(၂၇)ရက်၊ ၂၀၂၀။

“ကျွန်မနိုင်ရင် ဘာလိုချင်လဲ” အဲဒီစကားကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝါးသိင်္ခအလယ်ကျေးရွာသားတွေကိုပြောခဲ့တာလို့ ဒေသခံတွေက ပြန်ပြောပြကြပါတယ်။

“ကျွန်တော်တို့ကတော့ ဘာမှမလိုချင်ဘူး။ အမေစုနိုင်ရင်ပြီးရော။”လို့ အသက်(၄၅)နှစ်ရှိပြီဖြစ်တဲ့ ဝါးသိင်္ခအလယ်ရွာသား တောင်သူဦးလှမျိုးဆွေက ကိုဗစ်ကြောင့် နိုင်ငံတော်အစိုးရကထောက်ပံ့ပေးတဲ့ ငွေကျပ် (၂)သောင်းကို ရပ်ကွက်ရုံးမှာလာထုတ်နေချိန် O Media ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

အုံ့ဆိုင်းနေတဲ့ ဝါးရုံတွေကြားထဲက ကတ္တရာတစ်ပိုင်း၊ ကွန်ကရိတစ်ပိုင်း၊ တခါတလေကွန်ကရိအပြည့်နဲ့ (၂)လမ်းသွားလမ်းဟာ အရမ်းကောင်းမွန်တဲ့လမ်းလို့မဆိုနိုင်ပါဘူး။

ကော့မှူးမြို့ပေါ်ကနေ အဲဒီလမ်းအတိုင်း(၇)မိုင်လောက် ကားနဲ့တစ်နာရီဝန်းကျင်မောင်းသွားရင်တော့ ဝါးသိင်္ခကျေးရွာအုပ်စုကို ရောက်ရှိမှာပါ။

၂၀၁၂ ခုနှစ်ကြားဖြတ်နဲ့ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါးသင်္ခကျေးရွာအုပ်စု၊ ဝါးသိင်္ခအလယ်ရွာမှာရှိတဲ့ ကရင်တိုင်းရင်းသားမိသားစုဒေါ်သန်းသန်းလေးရဲ့နေအိမ်ကနေ အိမ်ထောင်စုစာရင်းသွင်းပြီးတော့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါးသိင်္ခအလယ်ရွာမှာ တစ်ညတာတည်းခိုခဲ့တုန်းကလည်း ဒေါ်သန်းသန်းလေးရဲ့နေအိမ်အပေါ်ထပ်မှာ ညအိပ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် တစ်ညအိပ်ခဲ့သည့်အခန်း
ဒေါ်အောင်ဆန်းစုကြည် တစ်ညအိပ်ခဲ့သည့်အခန်း

အဲဒီအချိန်က သက်တော်စောင့်တွေ အထပ်ထပ်နဲ့ ထမင်းနဲ့ဟင်းကိုလည်း မိသားစုကကိုယ်တိုင်ပြင်ဆင်မပေးခဲ့ရဘူးလို့ အသက်(၇၅)နှစ်အရွယ် ကရင်တိုင်းရင်းသူ ဒေါ်သန်းသန်းလေးက သူ့ရဲ့ကုတင်ပေါ်ကနေ ရီရီမောမောနဲ့ပဲ ပြောပါတယ်။

“အမေစုကတော့ ဘာယူမလဲပြောတယ်။”လို့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားကို သူကပြန်ပြောပြတာဖြစ်ပါတယ်။

ဒါပေမဲ့ သူကဘာမှမလိုချင်ကြောင်းပြန်ပြောခဲ့သလို အဲဒီတုန်းက ဗမာစကားသိပ်မပြောတတ်သေးတဲ့အတွက် စကားသိပ်မပြောဖြစ်ခဲ့ဘူးလို့ ဒေါ်သန်းသန်းလေးက ပြောပါတယ်။

ဒေါ်သန်းသန်းလေး
ဒေါ်သန်းသန်းလေး

အရင်ကတော့ အဲဒီကျေးရွာအုပ်စုမှာ ကျေးရွာချင်းဆက်လမ်းမရှိခဲ့သလို ရွာတွင်းလမ်းတွေဟာလည်း မိုးတွင်းမှာဆိုးဝါးခဲ့ပြီး လည်ရှည်ဖိနပ်တွေစီးခဲ့ရတယ်လို့ ဝါးသိင်္ခအလယ်ရွာဒေသခံတွေကပြောကြပါတယ်။

“အဲဒီရွာမှာ ၂၀၁၂ ခုနှစ်က ဘာလမ်းမှမရှိဘူး။ မြေလမ်းပဲရှိတယ်။”လို့ ကော့မှူးမြို့နယ်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်(၂)ဦးဇော်မင်းထွန်းက ပြောပါတယ်။

၂၀၁၃-၂၀၁၄ ခုနှစ်မှာတော့ ဝါးသိင်္ခကျေးရွာအုပ်စုနဲ့ တွံတေး၊ ကွမ်းခြံကုန်းဆက် (၆)မိုင်ဝေးတဲ့လမ်းမကြီးကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့အလှူငွေနဲ့ခင်းပေးခဲ့တယ်လို့ ကိုယ်စားလှယ်က ပြောပါတယ်။

ဝါးသိင်္ခရွာတွင်းလမ်း
ဝါးသိင်္ခရွာတွင်းလမ်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီးတဲ့နောက် ဝါးသိင်္ခကျေးရွာကို လျှပ်စစ်မီး၊ ရွာတွင်းလမ်း၊ ကျေးရွာချင်းဆက်လမ်းနဲ့ အလယ်တန်းအဆင့်စာသင်ကျောင်းတွေကို  ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနကနေ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဝါးသိင်္ခကျေးရွာတွင်းလမ်းတွေအတွက် ကွန်ကရိခင်းတဲ့လုပ်ငန်းကို ငွေကျပ် (၇၀.၁၉၂)သန်းနဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။

“အဲဒီရွာမှာ လိုအပ်ချက်ဆိုရင် နိုင်ငံတော်အနေနဲ့ လုပ်ပေးနိုင်စရာအများကြီးမရှိတော့ဘူး။ (၉၀)ရာခိုင်နှုန်း လောက် ပြည့်စုံသွားပြီ။”လို့ ကိုယ်စားလှယ် ဦးဇော်မင်းထွန်းကပြောပါတယ်။

ဝါးသိင်္ခရွာအဝင်
ဝါးသိင်္ခရွာအဝင်

ဝါးသိင်္ခအလယ်ရွာထဲကိုဝင်သွားရင်တော့ လမ်းဘေးမှာအမှိုက်စွန့်ပစ်ထားတာမရှိသလို အမှိုက်ပုံးတွေကိုလည်း ရွာတွင်းလမ်းတွေတိုင်းမှာမြင်တွေ့နိုင်ပါတယ်။

“အရင်ကတော့ ဗွက်လမ်းတွေပဲရှိတယ်။ လျှပ်စစ်မီးလည်းမရဘူး။ အခု ဒီရွာကိုပြောင်းပြန်လှန်လိုက်သလိုပါပဲ။”လို့ O Media က မေးမြန်းတဲ့အချိန် ဒေသခံတွေက တညီတညွတ်ထဲဝိုင်းဝန်းပြောဆိုကြပါတယ်။

ရွာတွင်းလမ်းက အမှိုက်ပုံး
ရွာတွင်းလမ်းက အမှိုက်ပုံး

၂၀၁၅ ခုနှစ် NLD အစိုးရသစ်တက်လာပြီးတဲ့နောက် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါးသိင်္ခအလယ်ရွာကို ရောက်မလာတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သူအလုပ်ရှုပ်တယ်လေ။ အလုပ်ရှုပ်တယ်ဆိုတော့ မလာတော့ဘူးပေါ့။”လို့ ဝါးသိင်္ခအလယ်ကျေးရွာသား ဦးလှမျိုးဆွေက ပြောပါတယ်။

ဝါးသင်္ခအလယ်ရွာ၌ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးဟောပြောခဲ့သည့်ကွင်းပြင်
ဝါးသင်္ခအလယ်ရွာ၌ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးဟောပြောခဲ့သည့်ကွင်းပြင်

၂၀၁၈-၂၀၁၉ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာတော့ ကော့မှူးတစ်မြို့နယ်လုံးရဲ့ဖွံ့ဖြိုးရေးကဏ္ဍအတွက် ငွေကျပ်(၁၀)ဘီလီယံဝန်းကျင်ပဲရရှိခဲ့သလို နောက်ဘဏ္ဍာနှစ်မှာလည်း ငွေကျပ်(၁၀)ဘီလီယံဝန်းကျင်ပဲ ရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီခွင့်ပြုငွေတွေဟာ ပြည်ထောင်စုအဆင့်အပြင် တိုင်းအဆင့်ကပါခွင့်ပြုပေးထားတဲ့ ငွေပမာဏဖြစ်တယ်လို့ ကိုယ်စားလှယ်ဦးဇော်မင်းထွန်းက ပြောပါတယ်။

အခုအစိုးရရဲ့ (၄)နှစ်ကျော်ကြာကာလအတွင်းမှာတော့ ကော့မှူးမြို့နယ်အတွက်လမ်းခင်းတဲ့လုပ်ငန်းတွေဟာ (၇၅)ရာခိုင်နှုန်းပြီးစီးနေပြီး လျှပ်စစ်မီးကိုတော့ (၁၀၀)ရာခိုင်နှုန်းအထိရရှိအောင် ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

“လိုအပ်တဲ့ဟာတွေ အကုန်ဖြည့်ဆည်းပေးနေတယ်။ လမ်းတွေတအား၊ မီးတွေတအားလုပ်ပေးနေတာ တော်တော်လေးစုံသလောက်ဖြစ်နေပြီ။”လို့ ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာက အသက်(၅၀)အရွယ်၊ ကုန်ဆိုင်ဖွင့်ထားသူဒေါ်မြင့်မြင့်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ကော့မှူးတစ်မြို့နယ်လုံး မဲဆန္ဒရှင်(၈)သောင်းကျော်ရှိပြီးတော့ အခုနှစ်မှာတော့(၉)သောင်းခွဲကျော်ရှိနေပါတယ်။

ကော့မှူးမြို့အဝင်
ကော့မှူးမြို့အဝင်

NLD ပါတီအနေနဲ့ ကော့မှူးမြို့နယ်ရဲ့ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ (၈၃)ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ (၈၂)ရာခိုင်နှုန်းရရှိခဲ့ပေမဲ့ ၂၀၁၇ ကြားဖြတ်ရွေးပွဲမှာ (၈၀)ရာခိုင်နှုန်းအထိ မဲရရှိမှုရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့ ကော့မှူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သိရပါတယ်။

“ပြည်သူတွေ အားမလို၊ အားမရဖြစ်ခဲ့တာလေးရှိခဲ့တယ်။ အစ်မ(ဒေါ်အောင်ဆန်းစုကြည်)မှ မပါတာကိုး။ သူနဲ့တော့ ယှဉ်လို့မရဘူးပေါ့။”လို့ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသိမ်းကပြောပါတယ်။

အခုအချိန်မှာတော့ မဲဆွယ်စည်းရုံးခွင့်မရသေးတဲ့အတွက် ဟောင်းနွမ်းနေပြီဖြစ်တဲ့ အောင်နိုင်ရေးဆိုင်းဘုတ်တွေကို အသစ်ပြုပြင်နေပြီလို့ သူကဆက်ပြောပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်ကနေ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဗဟိုကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိတိုင်းလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်ကလည်း လာမယ့်ရွေးကောက်ပွဲကို ပြန်ဝင်ရောက်ယှဉ်ပြိုင်ကြဦးမှာပါ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပထမအကြိမ်မဲစာရင်းကိုတော့ ဇူလိုင်လ(၂၅)ရက်ကစပြီး (၁၄)ရက်ကြာကပ်ထားမှာပါ။

ကော့မှူးဒေသခံတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ပြန်လာမှာကို စောင့်မျှော်နေကြပြီး မဲစာရင်းကိုလည်း စိတ်ဝင်တစား သွားရောက်ကြည့်ရှုသူများနေပါတယ်။

ဝါးသိင်္ခကျေးရွာဒေသခံတွေကတော့ “ဘယ်အချိန်ထမေးမေး ငါတို့ကသူပဲ။ သူ့ကိုချစ်လို့ မဲနိုင်တာပေါ့။

ဒေါ်သန်းသန်းလေးနေအိမ်
ဒေါ်သန်းသန်းလေးနေအိမ်

ရေးသားသူ – ကျော်ထက်အောင်
ဓာတ်ပုံ     – အောင်ပြည့်၊ ကျော်ထက်အောင်