Stay Home ကာလမှာ ရန်ကုန်ကတက္ကစီတွေ ပုံမှန်အတိုင်းပြေးဆွဲနိုင်

0
2521
O Media
O Media

အောက်တိုဘာ(၇)ရက်၊ ၂၀၂၀။

ရန်ကုန်တိုင်းက Taxi တွေအနေနဲ့ Stay Home ကာလမှာ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ပုံမှန်အတိုင်း ပြေးဆွဲနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က သိရပါတယ်။

ပြေးဆွဲမယ့် Taxi တွေအနေနဲ့ တစ်မြို့နယ်နဲ့ တစ်မြို့နယ်ဖြတ်ကျော်တဲ့အခါမှာလည်း QR Pass မလိုဘဲ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်ကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“ဒီနေ့အထိတော့ ရန်ကုန်မှာ Taxi တွေ ပြေးဆွဲခွင့်မရှိတော့ဘူးလို့ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။ အခုအချိန်မှာလည်း Taxiတွေ ဆွဲနေကြပါတယ်၊ အရေးကြီးတာကတော့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေ လိုက်နာဖို့တော့ လိုတာပေါ့နော်။”လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က O Media ကို ပြောပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်တိုင်းထဲ Taxi ပြေးဆွဲမှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၀)ရက်နေ့ကစပြီး ပုံမှန်ကာလတွေထက် (၃)ပုံ(၁)ပုံလောက် လျှော့ကျသွားတယ်လို့ Taxi ယာဉ်မောင်းတစ်‌ယောက်ဆီက သိရပါတယ်။

“ကျွန်တော်တို့က ရန်ကုန်တိုင်းထဲမှာ Taxi ဆွဲနေတဲ့ Taxi သမားတွေချည်းပဲ ဖွဲ့ထားတဲ့ Group လေးရှိတယ်။ အဲဒီထဲမှာကတော့ အယောက်(၁)သောင်းလောက်ရှိတယ် အဲမှာဆိုရင် Stay At Home ထုတ်ပြန်လိုက်တော့ ကျွန်တော်တို့က ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ၊ ဆွဲလို့ရလား မရလားမသိတဲ့ အခြေအနေမျိုးပေါ့နော်၊ တချို့တွေဆိုရင် ကိုဗစ်ပြီးမှထွက်ဆွဲတော့မယ်တို့ တချို့တွေကျတော့(၄)ထောင်ရရ (၅)ထောင်ရရ ထွက်ဆွဲတဲ့သူတွေတော့ရှိတယ်။”လို့ Taxi ယာဉ်မောင်းကိုသန်းနိုင်က O Media ကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှာ ပြေးဆွဲဖို့ စာရင်းသွင်းထားတဲ့ City Taxi အရေအတွက်ဟာ (၆)သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၂ဝ)ရက်နေ့ကစပြီး ရန်ကုန်တိုင်းမှာ ကိုးကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေကို Stay at Home သတ်မှတ်ခဲ့ပြီး ခွင်ပြုထားတဲ့လုပ်ငန်းတွေကလွဲလို့ ကျန်တဲ့လုပ်ငန်းတွေအနေနဲ့ အိမ်ကနေပဲအလုပ်လုပ်ကြဖို့ ကြေညာထားပါတယ်။