ကိုဗစ်ပျောက်သွားတဲ့အမျိုးသားတစ်ယောက်(၁)လနီးပါးအကြာမှာ ပြန်ကူးစက်ခံရ

0
6249
O Media
O Media

Photo : US CDC

အောက်တိုဘာ(၂၀)ရက်၊ ၂၀၂၀။

ကိုဗစ်ရောဂါပျောက်ကင်းသွားတဲ့ ပဲခူးတိုင်းက အသက်(၇၃)အရွယ် သက်ကြီးပိုင်းအမျိူးသားတစ်ယောက်ဟာ ရက်(၂၀)လောက်အကြာမှာ ဒုတိယအကြိမ် ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့ ကဝမြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

အောက်တိုဘာလ(၁၉)ရက်နေ့ ကိုဗစ်လူနာစာရင်းထုတ်ပြန်ချက်ထဲမှာ ပဲခူးတိုင်း၊ ကဝမြို့နယ်ထဲ ကိုဗစ်လူနာ(၁၄)ယောက်တွေ့ခဲ့ပြီး အဲဒီထဲမှာ စက်တင်ဘာလတုန်းက ကိုဗစ်ကူးစက်ခံခဲ့ရပြီးပျောက်ကင်းသွားတဲ့ ခမွန်ကံကြီး ကျေးရွာနေ အသက်(၇၃)နှစ်အရွယ် အမျိုးသားပါဝင်လာတာပါ။

“ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်လူနာအမျိုးသမီးနဲ့ ထိတွေ့တဲ့အထဲမှာ သူပါနေတော့ ထပ်စစ်ဆေးတဲ့အခါမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာ။”လို့ ကဝမြို့နယ်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်က O Media ကိုပြောပါတယ်။

အဲဒီအမျိုးသားဟာ စက်တင်ဘာလ(၅)ရက်နေ့က သက္ကလတိုက်နယ်ရဲ့ ပထမဆုံးကိုဗစ်လူနာ ဆေးရုံဝန်ထမ်းက တဆင့် ပထမအကြိမ် ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပါတ်။

ဒါကြောင့် ပဲခူးတိုင်း ကလိဆေးရုံကြီးမှာဆေးကုသမှုခံယူပြီး ကိုဗစ်ပိုးစစ်ဆေးမှု(၂)ကြိမ်လုံးမှာ ရောဂါမရှိတော့တာ‌ကြောင့် စက်တင်ဘာလကုန်ပိုင်းမှာ ဆေးရုံးကဆင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်လူနာအမျိုးသမီး (၁)ယောက်နဲ့ထိတွေ့မှုရှိခဲ့တာ‌ကြောင့် စစ်ဆေးခဲ့တဲ့အခါမှာ ဒုတိယအကြိမ် ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။

အခုအချိန်မှာတော့ အဲဒီအမျိုးသားကို ပဲခူးတိုင်းကလိဆေးရုံကြီးမှာ ဆေးကုသမှုခံယူဖို့ ဒီနေ့ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ကိုဗစ်လူနာတွေ့ရှိမှုအခြေအနေတွေထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ မတ်လကစပြီး အောက်တိုဘာလ(၁၉)ရက်နေ့အထိ ပဲခူးတိုင်းထဲမှာ ကိုဗစ်လူနာအယောက်(၁၆၅၀)ရှိနေပါတယ်။