ICJ ကိုရင်ဆိုင်ဖို့ တပ်ကစစ်နေတဲ့ ဂူတာပြင်ရလာဒ်အရေးကြီးဟု ဂျပန်သံအမတ်ပြော

0
235
O Media
O Media

ဒီဇင်ဘာ(၂)ရက်၊ ၂၀၁၉။

ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဂူတာပြင်ဖြစ်စဉ်ဟာ အရေးကြီးတာကြောင့် တပ်မတော်အနေနဲ့ အမြန်ဆုံး စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်ဖို့မျှော်လင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ မာရုယာမက ပြောပါတယ်။

“ICJ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားဖြေရှင်းတာ သူကိုယ်တိုင်ရပ်တည်ချက်ရှင်းပြတာကောင်းတယ်။ ပြီးတော့ မြန်မာတပ်မတော်က လူအခွင့်အရေး ချိုးဖောက် တာရှိမရှိကို စိတ်ဝင်စားနေတာ ဂူတာပြင်ကိစ္စကို တကယ်လက်တွေ့ကျကျ စုံစမ်းစစ်ဆေးပြီး တကယ်လူ့အခွင့် အရေး ချိုးဖောက်တာကိုတွေ့တယ် ဆိုရင်ပြင်းပြင်းထန်ထန်အရေးယူဖို့လိုအပ်တယ်” လို့ မစ္စတာ မာရုယာမက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဂျပန်အစိုးရရဲ့ တိုက်ပွဲရှောင်နေရပ်ပြန်တွေအတွက် အိမ်တွေလှူဒါန်းပြီးတဲ့နောက်မီဒီယာတွေကို လေးကေ့ကော်မြို့သစ်မှာ ပြောခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လူအစုလိုက်အပြုံလိုက်သတ်ခံခဲ့ရတယ်လို့ဆိုတဲ့ ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ဘက်တရားရေးအတိုင်းဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်တယ်လို့ ကနဦးတွေ့ရှိရသူတွေကို နိုဝင်ဘာ(၂၆)ရက် နေ့ကစပြီး ဘူးသီးတောင်နယ်မြေခံတပ်မှာ စတင်စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ ထုတ်ပြန်ထားတာပါ။

အဲဒီဂူတာပြင်ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေတွေနဲ့အညီ ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ်တစ်ချို့ကို စစ်တရားရုံးနဲ့ စစ်ဆေးစီရင်သင့်တဲ့အကြောင်း တင်ပြခဲ့တဲ့အတွက် စစ်ဘက်တရားစီရင်ရေး လုပ်ငန်းစဉ်တွေ အတိုင်း ဆောင်ရွက်နေတာလို့ တပ်မတော်က သတင်းထုတ်ပြန်ထားတာပါ။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ လူအစုအလိုက်အပြုံလိုက် ၂၀၁၇ ဩဂုတ်လထဲမှာ အသတ်ခံခဲ့ရတယ်ဆိုပြီး ဓာတ်ပုံအထောက်အထားတွေနဲ့ AP သတင်းဌာနက ၂၀၁၈ ထဲမှာ စတင်ရေးသားဖော်ပြ ခဲ့ပြီးတဲ့နောက် နိုင်ငံတကာသတင်းဌာနတွေကပါ ဂူတာပြင်ကိစ္စကို ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ဒါ့ပေမဲ့ အခုတပ်မတော်က စစ်ဆေးနေတဲ့ ဂူတာပြင်ကိစ္စဟာ ဘယ်အကြောင်းအရာကိုစစ်ဆေးမှာလည်းဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ လျှောက်ထားတာဖြစ်ပါတယ်။

NCA ကိုလက်မှတ်ရေးထိုးထားတဲ့ RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကတော့ ဒီနေ့ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ PPST အစည်းအဝေးမှာ ICJ နဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်ကပူးပေါင်းလုပ်ဆောင်မယ်ဆိုတာဟာ အစိုးရရဲ့တာဝန်ယူမှု တာဝန်ခံမှုကို မြင်ရသလို တစ်ဖက်က ဘယ်လောက်ထိ သက်သေအထောက်အထားခိုင်လုံလဲဆိုတာကို ထည့်တွက်ရမယ်လို့ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ အစိုးရအနေနဲ့ နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီး အဲဒီမှာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးက ဥပဒေပညာရှင်တွေနဲ့ ဖွဲ့ စည်းထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့ နယ်သာလန်နိုင်ငံကို ဒီဇင်ဘာလ(၁၀,၁၁,၁၂)တို့မှာ သွားရောက်ရင်ဆိုင်ဖြေရှင်းမှာ ဖြစ်ပါတယ်။