စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံသားတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ တောင်ကိုရီးယား ကြေညာ

0
48
O Media
O Media

Photo : AFP

ဖေဖော်ဝါရီ (၂၀) ရက်၊ ၂၀၂၁။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီ (NSC) က ကြေညာခဲ့ကြောင်း KBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဆူဟွန်း ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးမှာ အခုလို ကြေညာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းတဲ့အစီအစဉ်နဲ့ ပြန်လည်အသက်သွင်းဖို့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားအစိုးရက ပထမဆုံးအကြိမ် တရားဝင်ထုတ်ဖော် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ ဖြေရှင်းဖို့နည်းလမ်းတွေ ရှာဖွေနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးကောင်စီအနေနဲ့ ကိုရီးယားကျွန်းဆွယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းသွားမယ့်အပြင် မဟာမိတ်ပြဿနာတွေကို ဖြေရှင်းဖို့အတွက်လည်း ဂျိုးဘိုင်ဒန်အစိုးရကို ပူးပေါင်းအားဖြည့်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

Ref : KBS