အစိုးရထုတ်ဖော်လိုက်တဲ့ ဦးကျော်မြင့်ရဲ့အချက်ကြီး(၁၀)ချက်

0
8424
နှင်းဆီပါတီ(UDP)ဥက္ကဋ္ဌ ဦးကျော်မြင့်
နှင်းဆီပါတီ(UDP)ဥက္ကဋ္ဌ ဦးကျော်မြင့်

Photo : UDP’s Facebook

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ဥက္ကဋ္ဌ ဦးကျော်မြင့်နဲ့ဆက်စပ်ပြီး စစ်ဆေးဖော်ထုတ်ရထားတာတွေကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့အောက်တိုဘာလ(၁၅)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

(၁)ကုမ္ပဏီလုပ်ငန်းများ
=======
(က) “မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်”

ဦးကျော်မြင့်နဲ့ ဒေါ်ဌေးဌေးဝင်းတို့ ဒါရိုက်တာအဖြစ်ပါဝင်တဲ့  မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ကုမ္ပဏီမှတ်ပုံတင်ထားခဲ့ပါတယ်။

အဲဒီကုမ္ပဏီက ငှားရမ်းတာ၊ အငှားချတာနဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေကိုလုပ်မယ်ဆိုပြီး ကုမ္ပဏီမှတ်ပုံတင်ထားပေမဲ့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းလိုင်စင်က သက်တမ်းကုန်နေတာကို တွေ့ရပါတယ်။

ဒီလိုင်စင်ကိုအသုံးပြုပြီး ပို့ကုန်၊ သွင်းကုန်တွေကို ခွင့်ပြုပေးထားတာမရှိသလို  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေတင်ပြလျှောက်ထားတာ၊ ခွင့်ပြုချက်ရယူတာတွေ မရှိခဲ့ပါဘူး။

(ခ) “မြန်မာကျော် ဟိုက်တက်ချ် ကုမ္ပဏီလီမိတက်”

မြန်မာကျော်ဟိုက်တက်ချ်ကုမ္ပဏီကိုတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ(၈)ရက်မှာ မှတ်ပုံတင်ခဲ့ပြီး အဲဒီမှာ ဦးကျော်မြင့်၊  ဒေါ်မျိုးဟေမာန်နဲ့ ဒေါ်ခင်မေစုလှိုင်တို့က ဒါရိုက်တာတွေဖြစ်ပါတယ်။

လုပ်ငန်းအမျိုးအစားကတော့ ရုံးလုပ်ငန်း၊ အုပ်ချုပ်ရေးနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ပေးနေတဲ့လုပ်ငန်းတွေလို့ဖော်ပြထားပြီး အရင်က အဲဒီကုမ္ပဏီနာမည်နဲ့ ပို့ကုန်၊ သွင်းကုန်လျှောက်ထားတာရှိခဲ့ ပါတယ်။

(ဂ) “မြန်မာကျော် Finance ကုမ္ပဏီလီမိတက်”

အဲဒီကုမ္ပဏီကိုတော့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်(၄)ရက်မှာ မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေကတော့ ဦးကျော်မြင့်၊ ဒေါ်ဌေးဌေးဝင်း၊ ဒေါ်ခင်မေစုလှိုင်တို့ဖြစ်ပါတယ်။

လုပ်ငန်းတွေကတော့ ငွေရေးကြေးရေးဝန်ဆောင်မှုနဲ့ အာမခံအထောက်အကူပြုလုပ်ငန်းလုပ်ဖို့ မှတ်ပုံတင်ထားပေမဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဘဏ်မဟုတ်တဲ့ ငွေရေး၊ ကြေးရေးအဖွဲ့အစည်းများ သက်သေခံလက်မှတ်မရထားပါဘူး။

ဒါ့အပြင် စီမံကိန်း၊ ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေးစစ်ဆေးကြီးကြပ်မှုဦးစီးဌာန၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကော်မတီကနေ လုပ်ငန်းလိုင်စင်ထုတ်ပေးထားတာမရှိပါဘူး။

(၂) ဘဏ်အကောင့်
=======
ဦးကျော်မြင့်နဲ့သက်ဆိုင်တဲ့ ဘဏ်စာရင်းကို ဗဟိုဘဏ်ရဲ့အကူအညီနဲ့စိစစ်တဲ့အခါ ဧရာဝတီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ယူနိုက်တက်အမရာဘဏ်၊ ရိုးမဘဏ်နဲ့ ကမ္ဘောဇဘဏ်တို့မှာ ကုမ္ပဏီနာမည်တွေ၊ ဖောင်ဒေးရှင်းနာမည်တွေ၊ ဦးကျော်မြင့်နဲ့ဆက်စပ်တဲ့သူတွေရဲ့နာမည်တွေနဲ့ဖွင့်ထားတဲ့ အကောင့်ပေါင်း(၅၉)ခုရှိပါတယ်။

(၃) ဘဏ်စာရင်းထဲ တရားမဝင်ငွေဝင်မှု
=======

ဦးကျော်မြင့်ရဲ့ ဘဏ်ငွေစာရင်းတွေဟာ တရုတ်နိုင်ငံကနေ တရားမဝင်ငွေလွှဲ(ဟွန်ဒီ)တွေနဲ့ လွှဲပြောင်းရရှိလာတာ ဖြစ်ပါတယ်။

မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက် နာမည်နဲ့ဖွင့်ထားတဲ့ ယူနိုက်တက်အမရာဘဏ်မှာ ဖွင့်ထားတဲ့ငွေစာရင်း၊ ဧရာဝတီဘဏ်မှာရှိနေတဲ့ငွေစာရင်းတွေနဲ့ လွှဲပြောင်းထားတဲ့ ငွေစာရင်း(ဝင်ငွေ)တွေကို စိစစ်တဲ့အခါ ၂၀၁၅ ခုနှစ်ထဲမှာ စုစုပေါင်းကျပ်ငွေ(၁၆.၃၁၅)ဘီလီယံ ရှိခဲ့ပါတယ်။

အဲဒီငွေဟာ တရုတ်နိုင်ငံဘက်မှာရှိတဲ့ တရားမဝင်ငွေကြေးလွှဲပြောင်းလုပ်ငန်း လုပ်ကိုင်နေသူတွေက မူဆယ်နယ်စပ်ကနေ အဆင့်ဆင့်လွှဲပြောင်းပေးပို့ထားတာ ဖြစ်ပါတယ်။

ယူနိုက်တက်အမရာဘဏ်ငွေစာရင်းအမှတ်(—)ကိုလွှဲပြောင်းထားတဲ့ငွေဟာ ငွေကျပ်(၅၄၉.၁)သိန်းဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့က တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသူ မအားယုံကတဆင့် တရားမဝင်အဆင့်ဆင့်လွှဲပြောင်းပြီး ငွေစာရင်းထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။

တရားမဝင်ငွေလွှဲပြောင်းပေးခဲ့တဲ့ အားယုံကတော့ တိမ်းရှောင်နေပြီး သူ့ရဲ့ခင်ပွန်းကို ၂၀၂၀ ခုနှစ်၊ မေလ(၄)ရက်မှာပဲ တရုတ်ရဲတပ်ဖွဲ့က ငွေကြေးဆိုင်ရာကိစ္စနဲ့ ဖမ်းဆီးထားပါတယ်။

ယူနိုက်တက်အမရာဘဏ်ငွေစာရင်းနဲ့ ဧရာဝတီဘဏ်ကငွေစာရင်းတွေထဲ ဝင်လာတဲ့ငွေအရေအတွက်ကတော့ စုစုပေါင်း ငွေကျပ်သိန်း(၁၄၃၈၉၀)ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၃)ရက်ကနေ ၂၀၁၅ခုနှစ်၊ စက်တင် ဘာလ(၇)ရက်အတွင်း တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့နေ တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသူ မရှောက်လီ၊ ရွှေလီမြို့မှာ တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသူဆိုက်ချင်းဆိုသူတို့က မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်ရဲ့ ငွေစာရင်းတွေထဲကို (၄၄)ကြိမ် လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံသူ ဆိုက်ချင်းကိုတော့ ၂၀၂၀ခုနှစ်၊ မေလ(၄)ရက်မှာပဲ တရုတ်ရဲတပ်ဖွဲ့က ငွေကြေးကိစ္စနဲ့ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်အမရာဘဏ်ငွေစာရင်းမှာရှိနေတဲ့ ဦးကျော်မြင့်ပိုင်ဆိုင်တဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်ရဲ့ ငွေစာရင်းသိန်း(၂၀၀၀)ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လ(၃၁)ရက်နဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့မှာ တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့နေ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ မရှောက်လီဆီကတဆင့် တရားမဝင်အဆင့်ဆင့်လွှဲပြောင်းပြီး ငွေလွှဲ(၂)ကြိမ်နဲ့ ရောက်လာတာလို့ သိရပါတယ်။

ဧရာဝတီဘဏ်ကိုဝင်လာတဲ့ ငွေစာရင်း(၂)ခုက ငွေကျပ်(၁၂၇၁၂.၆)သိန်းဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၅)ရက်၊ (၆)ရက်နဲ့(၂၇)ရက်နေ့တွေမှာ တရုတ်နိုင်ငံ၊ ရွှေလီကနေ ငွေလွှဲလုပ်ကိုင်နေတဲ့ ဆိုက်ချင်းဆိုသူဆီက အဆင့်ဆင့်တရားမဝင်လွှဲပြောင်းပြီးနောက် ငွေလွှဲ(၃)ကြိမ်နဲ့ ရောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီဘဏ်ကိုဝင်လာတဲ့ ငွေစာရင်း(၂)ခုက ငွေကျပ်သိန်း(၄၀၀၀)ဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၃)ရက်နဲ့(၂၇)ရက်တွေမှာ တရုတ်နိုင်ငံမှာ တရားမဝင်ငွေလွှဲလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအားဝူကျဲဆိုသူဆီကနေ ငွေလွှဲ(၂)ကြိမ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဦးကျော်မြင့်ပိုင် ဘဏ်စာရင်းတွေထဲကို ဝင်လာတဲ့ငွေစာရင်းဟာ အားလုံးပေါင်း ငွေကျပ်(၁၆.၃၁၅)ဘီလီယံရှိတယ်လို့ သိရပါတယ်။

(၄)ဘဏ်တိုးရရှိမှု
=======
ဧရာဝတီဘဏ်နဲ့ ယူနိုက်တက်အမရာဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ ငွေစာရင်း(၆)ခုကနေ အတိုးရရှိတာဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလအထိကို ငွေကျပ်(၁၄.၈၁၄)ဘီလီယံရရှိခဲ့တယ်လို့ သိရပါတယ်။

(၅) ကုမ္ပဏီတွေကနေ ချေးငွေထုတ်ချေးမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ်တိုးရရှိမှု
=======

မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလိမိတက်ကနေ ချေးငွေထုတ်ချေးခဲ့တာမှာ ကုမ္ပဏီဝန်ထမ်း၊ ပါတီဝင်တွေနဲ့ ပြင်ပပုဂ္ဂိုလ်စုစုပေါင်း(၁၉)ယောက်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလအထိ ငွေကျပ်(၄၁၅၁.၁၃)သန်း ထုတ်ချေးထားပါတယ်။

အဲဒီလိုထုတ်ချေးတဲ့အခါမှာလည်း ကုမ္ပဏီဝန်ထမ်းတွေကို အတိုးမဲ့၊ ပါတီဝင်နဲ့ ပြင်ပပုဂ္ဂိုလ်တွေကို အတိုး(၁)ရာခိုင်နှုန်းကနေ (၂)ရာခိုင်နှုန်းအတိုးရယူခဲ့ပါတယ်။

ထုတ်ချေးတဲ့ငွေကနေ အတိုးရတဲ့ငွေစုစုပေါင်းဟာ ငွေ ကျပ်(၅၁၀.၁၄)သန်းရရှိခဲ့ပါတယ်။ ချေးတဲ့အခါမှာလည်း တချို့ကို အာမခံပစ္စည်းရယူခဲ့ပြီးတော့ တချို့ကိုတော့ အာမခံပစ္စည်းရယူခဲ့တာမရှိပါဘူး။

မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်က စားသောက်ဆိုင်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ပုံနှိပ်စက်လုပ်ငန်းစတဲ့ လုပ်ငန်းရှင်ရင်းနှီးငွေထည့်ဝင်ဖို့ကမ်းလှမ်းလာရင် စိစစ်ပြီးတော့ ထည့်ဝင်စေခဲ့ပါတယ်။

အဲဒီလိုရင်းနှီးလိုက်တာနဲ့ပတ်သက်ပြီး ငွေကြေးပမာဏတစ်ခုကို အချိန်ကာလတစ်ခုသတ်မှတ်ပြီးတော့ လစဉ်ပေးသွင်းစေခဲ့ပါတယ်။

အာမခံအနေနဲ့ ပိုင်ဆိုင်မှုမူရင်းစာရွက်စာတမ်းတွေယူထားပြီးတော့ ချေးငွေပြန်ဆပ်ချိန်မှာ အာမခံပစ္စည်းတွေပြန်ပေးတာကို တွေ့ရှိရပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်လ(၁၅) ရက်နေ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ လူပုဂ္ဂိုလ်(၁၁)ယောက်က စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၁.၅)ဘီလီ ယံထည့်ဝင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလအထိ အကျိုးအမြတ်က ငွေကျပ်(၁၈၆.၂)သန်းရရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်ကနေ အတိုးရရှိတာတွေ၊ ချေးငွေထုတ်ချေးတာတွေနဲ့ ရင်းနှီးမြှုပ်နှံတာတွေအတွက် စုစုပေါင်းငွေကျပ်(၁၅.၅၁)ဘီလီယံကျော်ရရှိခဲ့ပါတယ်။

(၆) ပိုင်ဆိုင်မှု
=======
(က)အဆောက်အဦး

လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ဗဟိုလမ်းနဲ့ မာလာမြိုင်လမ်းထောင့်က အင်တာနေရှင်နယ်စီးတီးဟိုတယ်ရဲ့ မြေနဲ့အဆောက်အဦးကို ဦးကျော်မြင့်ကပိုင်ဆိုင်ပြီး ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်မှာ အရောင်းအဝယ်စာချုပ်နဲ့ ဦးခင်ဇော်ဆိုသူဆီကနေ ငွေကျပ်(၁၁၇၅၀)သိန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ စိစစ်တဲ့အခါ ဦးကျော်မြင့်ပိုင်ဆိုင်ကြောင်း အမည်ပြောင်းလဲထားပါတယ်။

ဒါပေမဲ့ ဟိုတယ်ကိုရောင်းချခဲ့တဲ့ ဦးခင်ဇော်ဆိုသူဟာ အခွန်ပေးဆောင်ထားတာမရှိခဲ့ပါဘူး။ ဒါကြောင့် အခွန်စည်းကြပ်သွားမယ်လို့ သိရပါတယ်။

(ခ)မြေယာ

ဦးကျော်မြင့်ဟာ မှော်ဘီမြို့နယ်၊ ကျွန်းတောတောင်ကွင်းမှာရှိတဲ့ လယ်မြေဧရိယာ(၁၃၆.၂၅)ဧက၊ ဥယျာဉ် မြေဧက(၂၈.၀၆)ဧက စုစုပေါင်း (၁၆၄.၃၁)ဧကကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်ကနေ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်အတွင်းမှာ စာချုပ်ပေါင်း(၁၄)စောင်၊ စုစုပေါင်းငွေကျပ်သိန်း(၈၈၀၀၀)နဲ့ ဝယ်ယူခဲ့ပါတယ်။

ဝယ်ယူထားတဲ့မြေ(၁၆၄.၃၁)ဧကကျော်ကို ခြံစည်းရိုးကာရန်ပြီး ဂေါက်ကွင်း၊ ရေကန်၊ ဟိုတယ် ပုံစံအဆောက်ဦးငယ်တွေ၊ ဘန်ဂလိုတွေ၊ လျှပ်စစ်မီးတွေသွယ်တန်းခဲ့ပြီး အဲဒီတည်ဆောက်ရေးလုပ်ငန်းတွေအတွက် ကျပ်သိန်း(၅)သောင်းဝန်းကျင်ကုန်ကျခဲ့ပါတယ်။

အဲဒီနေရာကို မှော်ဘီ Village စားသောက်ဆိုင်နဲ့ အပန်းဖြေစခန်းအဖြစ် အသုံးပြုခဲ့ပါတယ်။

နိုင်ငံတော်သမ္မရုံးက စိစစ်တဲ့အခါမှာတော့ လယ်ယာမြေကို အပန်းဖြေတဲ့နေရာအဖြစ်ဆောက်ထားပေမဲ့ တခြားနည်းသုံးစွဲခွင့်လျှောက်ထားတာ မရှိခဲ့ပါဘူး။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာနားမှာရှိတဲ့ ယာမြေ(၄.၃၇)ဧကကို ဦးကျော်မြင့်ပိုင်ဆိုင်ထားပြီး ၂၀၁၆ ခုနှစ်က ငွေကျပ်သိန်း(၁၈၀၀)နဲ့ ဝယ်ယူခဲ့ပါတယ်။

မြေအရောင်းအဝယ်စာချုပ်ကို စိစစ်တဲ့အခါ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်က ဒါရိုက်တာဒေါ်ဌေးဌေးဝင်းရဲ့ ရှေ့နေကလက်မှတ်ရေးထိုးဝယ်ယူခဲ့ပြီးတော့ ဦးကျော်မြင့်နာမည်နဲ့ ပုံစံ(၇)လျှောက်ထားခဲ့ပါတယ်။

အဲဒီနောက် (၃)ခန်းတွဲ၊ (၅)ခန်းတွဲ၊ (၂)ခန်းတွဲ၊ ဂေါက်ကွင်း၊ ရေကူးကန်၊ ဘန်ဂလိုတွေ ဆောက်လုပ်ခဲ့ပါတယ်။

အဲဒီပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ တခြားနည်းသုံစွဲခွင့် ပုံစံ ၁၅(က)ကို ဦးကျော်မြင့်နာမည်နဲ့ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာထုတ်ပေးခဲ့ပြီးတော့ လုပ်ထုံး၊ လုပ်နည်းနဲ့ညီညွတ်တာကို တွေ့ရှိခဲ့ပါတယ်။

ပန်းလှိုင်ဂေါက်ကွင်းအိမ်ယာမှာရှိတဲ့ မြေကွက်အမှတ်(၁၉၃/၃၁)ကိုတော့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ လ(၁၆)ရက်မှာ အမေရိကန်ဒေါ်လာ(၇)သိန်းခွဲနဲ့ညီမျှတဲ့ ကျပ်ငွေသိန်း(၁)သောင်းကျော်နဲ့ ဦးကျော်မြင့်က စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပြီး သတ်မှတ်တဲ့အခွန်သိန်း(၄၀၀၀)ကျော်ကို ဆောင်ထားတယ်လို့ သိရပါတယ်။

(ဂ) နေပြည်တော်က ပိုင်ဆိုင်မှု

နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စုက မြေ(၆.၉)ဧကကို ဦးကျော်မြင့်က ငွေကျပ်သိန်း(၁၀၀၀)နဲ့ဝယ်ယူခဲ့ပြီး  ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ ဦးကျော်မြင့်နာမည်နဲ့ လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇)ကိုရရှိခဲ့ပါတယ်။

အဲဒီမြေပေါ်မှာ (၁၀)ခန်းတွဲဆောက်အဦး၊ နားနေဆောင်၊ ရေကူးကန်ဆောက်ထားပြီးတော့ ညီညွတ်သောဒီမိုကရက်တစ်(UDP)ပါတီဌာနချုပ်ကို ဖွင့်လှစ်ထားပါတယ်။

အဲဒီမြေဟာ လယ်ယာမြေစာရင်းပဲပေါက်ပြီး တခြားနည်းသုံးစွဲခွင့် ရရှိထားတာမရှိပါဘူး။

(ဃ)မော်တော်ယာဉ်ပိုင်ဆိုင်မှု

KIA (၁၀)စီး၊ Vellfire (၁)စီး၊ Lexus (၁)စီး၊ ဘီကို(၁)စီး၊ Land Cruiser (၁)စီး၊ Pardo(၂)စီး၊ Hilux Vigo (၁)စီး အပါအဝင် စုစုပေါင်းယာဉ်(၃၅)စီးကို ဦးကျော်မြင့်က ပိုင်ဆိုင်ထားပါတယ်။

အဲဒီယာဉ်တွေဟာ လိုင်စင်မဲ့မဟုတ်ဘဲ တရားဝင်ယာဉ်မှတ်ပုံတင်ရရှိထားတဲ့ယာဉ်တွေ ဖြစ်ပါတယ်။

(၇) ပါတီစည်းရုံးရေးအတွက် ငွေကြေးအသုံးပြုမှု
=======
ဦးကျော်မြင့်ပိုင်ဆိုင်တဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်ရဲ့ ကိုယ်ပိုင်ငွေစာရင်းကနေ ပါတီစည်းရုံးရေးအတွက်နဲ့ ပါတီကိုလှူဒါန်းငွေဟာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၀ ခုနှစ်၊ မတ်လအထိ ငွေကျပ်(၅၉၃.၇၉)သန်းကိုအသုံးပြုခဲ့ပါတယ်။

အဲဒီလှူဒါန်းငွေတွေနဲ့ မအူပင်၊ ညောင်ဦး၊ သံလျင်၊ ကျောက်တန်း၊ လှိုင်၊ မုံရွာ၊ မြစ်ကြီးနားမြို့တွေမှာ ချောင်းကူးတံတားတည်ဆောက်တာ၊ ရေသွယ်တာ၊ ခရစ်ယာန်ဘုရားကျောင်းပြုပြင်တာ၊ လူနာတင်ယာဉ်ဝယ်ယူတာတွေမှာ အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ ကျပ်(၉၁၈.၆၃)သန်းကို ပါတီစည်းရုံးရေးအတွက် ဘဏ်စာရင်းကနေထုတ်ယူခဲ့ပြီး ပါတီအင်္ကျီဝယ်ယူတာ၊ ပါတီအလံဝေတာ၊ ပါတီမူဝါဒစာအုပ်တွေ ရိုက်နှိပ်ထုတ်ဝေ တာ၊ ပါတီဆိုင်းဘုတ်တွေစိုက်ထူတာ၊ ပါတီရုံးခန်းဖွင့်တာ၊ ရင်ထိုးတံဆိပ်လုပ်တာ၊ ဖျော်ဖြေရေးနဲ့ ပါတီအောင်နိုင်ရေးစတာတွေအတွက် စုစုပေါင်း(၁.၄၅)ဘီလီယံကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ (ထုတ်ယူထားတဲ့ငွေအပြင် တခြားပိုသုံးခဲ့တာတွေအတွက် ဘယ်နေရာကနေ ရယူသုံးစွဲခဲ့တာလဲဆိုတာကိုတော့ အသေးစိတ် မသိရသေပါဘူး။)

(၈) ကိုယ်စားလှယ်လောင်းတွေကို ငွေကြေးထောက်ပံ့မှု
=======
ဦးကျော်မြင့်ပိုင်ဆိုင်တဲ့ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလီမိတက်ရဲ့ ကိုယ်ပိုင်ငွေစာရင်းကနေ ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ပါတီဝင် တစ်ယောက်ကို ငွေကျပ်(၂၉၀၀၀၀)ကနေ (၃၉၀၀၀၀) အထိ၊ မြို့နယ်ပါတီဝင်တစ်ယောက်ကို ငွေကျပ်(၁၉၀၀၀၀)၊ ရပ်ကွက်၊ ကျေးရွာပါတီဝင်တစ်ယောက်ကို (၉)သောင်း၊ ကိုယ်စားလှယ်လောင်း(၇၁၆)ယောက်မှာ တင်ပြလာတဲ့လူတွေအတွက် တစ်ယောက်ကို ရွေးကောက်ပွဲဝင်ဖို့ အာမခံကြေး(၃)သိန်း ထောက်ပံ့ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကနေ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၂.၄၃၉)ဘီလီယံ ထုတ်ပေးထားပါတယ်။

(၉) မြန်မာနိုင်ငံကို ဘယ်လိုဝင်လာပြီး စီးပွားရေးဘယ်လိုလုပ်ခဲ့လဲ
=======
ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီလမှာ မန္တလေးပြည်သူ့ဆေးရုံကြီးအချုပ်ကနေထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တစ်လနေထိုင်ခဲ့ပါတယ်။

အဲဒီနောက် နော်ဝေနိုင်ငံမှာနေထိုင်ခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့်နဲ့ အမေရိကန်၊ နယူးဂျာစီပြည်နယ်ကိုရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၂ အထိ ကနေဒါနိုင်ငံ၊ ဘန်ကူးပါးမြို့မှာနေထိုင်ပြီးနောက် ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကိုရောက်ရှိလာပြီး  ၂၀၁၃ ခုနှစ်မှာ မြန်မာကိုတရားမဝင် ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ဦးကျော်မြင့်ရဲ့ထွက်ဆိုချက်အရ ကနေဒါနိုင်ငံမှာနေထိုင်ချိန်က MPE ကုမ္ပဏီကိုတည်ထောင်ပြီး တန်ဖိုးကြီး မျိုးစေ့တွေ၊ ပျိုးပင်စီမံကိန်းတွေလုပ်ခဲ့ပြီးတော့ ကမ္ဘာအနှံ့ကဈေးကွက်ကို ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

ကနေဒါမှာရှိတဲ့ဘဏ်တွေမှာ ငွေစာရင်းအကောင့်တွေဖွင့်လှစ်ပြီးတော့ ကနေဒါဒေါ်လာ(၃၃)သန်း စုဆောင်းနိုင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ အဲဒီငွေတွေကို ထုတ်ယူသွားခဲ့ပြီး (၁၈)သန်းကို ယူပြီးတော့ ကျန်တဲ့ငွေတွေကိုတော့ မိသားစုဝင်တွေကို ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကနေဒါကနေ တရုတ်နိုင်ငံကိုတစ်ယောက်ထဲရောက်လာပြီး ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ရုံးရှေ့က ဟိုတယ်မှာ အခန်းငှားတည်းခိုနေထိုင်ခဲ့ပါတယ်။

အဲဒီငွေ(၁၈)သန်းနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ဆိုင်ကယ်တွေဝယ်ယူပြီး မြန်မာနိုင်ငံကိုတင်သွင်းခဲ့ပါတယ်။

ရွှေလီ၊ ကြယ်ဂေါင်မှာရှိတဲ့ အသိတွေကတဆင့် မြန်မာကကုန်သည်တွေကို ငွေလွှဲပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အဲဒီလိုလုပ်ဆောင်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာရှိတဲ့ ကုန်သယ်တွေဆီမှာ ကျပ်(၃၀)ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံနိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ မူဆယ်ကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုဂရုကုမ္ပဏီလိမိတက်ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာနေထိုင်ချိန်ကာလထဲ တရုတ်နိုင်ငံက ကုန်ပစ္စည်းတင်သွင်းတာ၊ မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့တာတွေကို တရားမဝင်ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်က သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းအထောက်အထားတွေ၊ ရုံးဝန်ထမ်းတွေရဲ့ ထွက်ဆိုချက်အရ တရားဝင်ကုန်ပစ္စည်းတင်သွင်းခဲ့တဲ့ အထောက်အထားမရှိခဲ့ပါဘူး။ ဒါကြောင့် အခုငွေကြေးတွေဟာ တရားဝင်ရလမ်းက ရရှိလာတဲ့ငွေကြေးတွေမဟုတ်ဘူးလို့ သိရပါတယ်။

(၁၀) ဘယ်လိုအရေးယူနိုင်လဲ
=======
အခုလို တရားမဝင် ဝင်ငွေရလမ်းမဖော်ပြတဲ့ငွေကြေးတွေကို လက်ဝယ်ထားပြီး သုံးစွဲတာဟာ ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၄၃)အရ ထောင်ဒဏ်(၁၀)အထိဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းဆိုရင် ကျပ်သန်း(၅၀၀)အထိ ငွေဒဏ်ချမှတ်နိုင်ပြီး အကျိုးခံစားခွင့်ရှိသူကို ထောင်(၇)နှစ်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဦးကျော်မြင့်ရဲ့ ပါတီဝင်တွေ၊ ဝန်ထမ်းတွေ၊ ပြင်ပပုဂ္ဂိုလ်တွေကို ချေးငွေပေးတာ၊ အကျိုးအမြတ်ရယူတာ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအကြောင်းပြပြီး အပေါင်ခံပစ္စည်းရယူတာတွေဟာ မြန်မာနိုင်ငံဗဟိုဘဏ်မှာမှတ်ပုံမတင်ထားတဲ့အတွက် ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မအရ (၂)နှစ်ကနေ (၅)နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့အပြင် ကျပ်သန်း(၅၀၀)ထက်မပိုတဲ့ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

တရားမဝင် အဆင့်ဆင့်လွှဲပြောင်းလာတဲ့ငွေ၊ ပါတီဝင်တွေကိုထောက်ပံ့တာ၊ ချေးတာတွေအတွက်တော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၆(စ)အရ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) တခြားအဖွဲ့အစည်းတစ်ခုခု(သို့)လူပုဂ္ဂိုလ်တစ်ယောက်ဆီက ငွေကြေးပစ္စည်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေရယူသုံးစွဲတာ(သို့)သြဇာခံတာမပြုရေးဆိုတဲ့ ပြဌာန်းချက်တွေနဲ့ ကိုက်ညီ၊ မညီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။