PK ကားမှာ ပါဝင်ခဲ့ပြီး The Untold Story ရဲ့မင်းသားအဖြစ်လူသိများတဲ့ Sushant Singh သေဆုံး

0
121
O Media
O Media

Photo : AFP

ဇွန်(၁၄)ရက်၊ ၂၀၂၀။

ဘောလီးဝုဒ်မင်းသားတစ်လက်ဖြစ်တဲ့ Sushant Singh Rajput ဟာတနင်္ဂနွေနေ့မှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ သိရပါတယ်။

သူဟာ အသက်(၃၄)နှစ်အရွယ်ဖြစ်ပြီး မီဒီယာတွေရဲ့ရေးသားချက်အရ သူ့ကိုမွန်ဘိုင်း(Mumbai)မြို့က သူ့ရဲ့နေအိမ်မှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ခဲ့ရတာလို့ သိရပါတယ်။

Sushant Singh Rajput ဟာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့တာဖြစ်ပြီး ဘာကြောင့်သတ်သေတယ်ဆိုတာကို ဆက်လက်စုံစမ်းသွားမှာဖြစ်တယ်လို့ မွန်ဘိုင်း(Mumbai)မြို့ ရဲတပ်ဖွဲ့ကအရာရှိတစ်ဦးဖြစ်တဲ့ Pranay Ashok ကပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ Sushant ရဲ့ မန်နေဂျာဟောင်းအမျိုးသမီးဟာ မွန်ဘိုင်းမြို့ Malad ရပ်ကွက်မှာရှိတဲ့(၁၄)လွှာတိုက်ခန်းပေါ်ကနေခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။

Sushant ဟာ မင်းသားငယ်တစ်ဦးအဖြစ်နဲ့ တီဗွီဇတ်လမ်းလေးတွေမှာ စသရုပ်ဆောင်ခဲ့ပြီး ငါးနှစ်လောက်အကြာ ၂၀၁၃ခုနှစ်မှာတော့ “Kai Po Che!” လို့အမည်ရတဲ့ ဇတ်ကားနဲ့ ပထမဦးဆုံး ဘောလီးဝုဒ်မှာနာမည်ရခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီးတော့ သူဟာ ‘Shuddh Desi Romance’၊ ‘Kedarnath’၊ ‘Chhichhore’ စတဲ့ အောင်မြင်ကျော်ကြားတဲ့ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးခဲ့ပါတယ်။

Sushant ဟာ ၂၀၁၆ ခုနှစ်ကို ရောက်တဲ့အခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ ခရစ်ကစ်အသင်းခေါင်းဆောင် M.S Dhoni ရဲ့ ဘဝဇာတ်ကြောင်းကားဖြစ်တဲ့ “M.S. Dhoni: The Untold Story” ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မင်းသားဘဝရဲ့အအောင်မြင်ဆုံး အခိုက်အတန့်ကို ကိရောက်ရှိခဲ့ပါတယ်။

အဲဒီဇာတ်ကားဟာ တစ်နှစ်တာအမြတ်အစွန်းအများဆုံး ရရှိတဲ့ဇာတ်ကားတွေထဲက တစ်ကား ဖြစ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က သူရိုက်ကူးခဲ့တဲ့ နောက်ဆုံးဇာတ်ကားတစ်ကားဖြစ်တဲ့ “Chhichhore” ဟာလည်း အောင်မြင်မှုအများအပြား ရရှိခဲ့ပါတယ်။

Sushant ဟာ သူနဲ့အတူ “Pavitra Rishta” ဇာတ်ကားမှာအတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Ankita Lokhande နဲ့ ခြောက်နှစ်ကြာသမီးရည်းစားတွေ ဖြစ်ခဲ့ကြပြီး ၂၀၁၆ မှာပြတ်ခဲ့ပါတယ်။

Sushant သေဆုံးတဲ့သတင်းကိုကြားရခြင်းမှာပဲ ဘောလီးဝုဒ် ဇာတ်ဆောင်အကျော်အမော်တွေနဲ့ အားကစားသမားတွေဟာ ဝမ်းနည်းပူးဆွေးကြောင်း တွစ်တာပေါ်မှာရေးသားခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ မိုဒီ (Modi) ကလည်း Sushant ရဲ့ သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့အတူ ပြည်ထောင်စုဝန်ကြီး Smriti Irani ကလည်း ဝမ်းနည်းကြေကွဲရကြောင်း တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Ref : New Indian Express