နာမည်ကြီးပါတီတွေ NLD ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ပွဲ

0
613
O Media
O Media

‌ရေးသားသူ – ကျော်ထက်အောင် (O Media)

နာမည်ကြီးပါတီတွေ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ကြတဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်ထဲ (၅၀)ရာခိုင်နှုန်းကျော် အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က နှစ်ကြိမ်ဆက်တိုက်အစိုးရဖွဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထပ်အားထုတ်သွားတော့မှာပါ။

၂၀၁၅ တုန်းကတော့ NLD ဟာ USDP ပါတီတခုထဲကို အဓိကယှဉ်ပြိုင်ခဲ့ရတာပါ။

ဒါပေမဲ့ အခုရွေးကောက်ပွဲမှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ(PP)၊ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင် (UBP)ပါတီတို့နဲ့ပါ ယှဉ်ပြိုင်ခဲ့ရတာပါ။

ဦးကိုကိုကြီး ဦးဆောင်တဲ့ပါတီက ကိုယ်စားလှယ်လောင်း(၁၀၀)ကျော်၊ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပါတီက (၂၃၀)ကျော်၊ သူရဦးရွှေမန်းဦးဆောင်တဲ့ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အယောက်(၉၀၀)ကျော်၊ ပြည်ခိုင်ဖြိုးပါတီကတော့ NLD ပြီးရင် ဒုတိယအများဆုံးအဖြစ် (၁၁၀၀)ကျော် ဝင်ပြိုင်ခဲ့ပါတယ်။

USDP ကတော့ “ပိုမိုတောက်ပသော အနာဂါတ်ဆီသို့”၊ တစ်သင်းလုံးကန်မယ်လို့ ကြွေးကြော်ထားတဲ့ PPP က “လူထုဘဝ အဓိက”၊ UBP က “ပိုပြီးကောင်းအောင် ပြောင်းကြမယ်”၊ PP က “ဦးကိုကိုကြီးဦးဆောင်သော အလင်းခေတ်နိုင်ငံတော်သစ်ဆီသို့” ဆိုတဲ့ အောင်နိုင်ရေးခေါင်းစဉ်တွေနဲ့ ၂၀၀၈ အခြေခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲအခင်းအကျင်းထဲကို ဝင်လာခဲ့ကြတာပါ။

ဒါပေမဲ့ တောင်ဥက္ကလာပမဲဆန္ဒနယ်မှာတော့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက NLD ပါတီက ဦးသက်နိုင်စိုးကို မဲအပြတ်သတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် ပြည်သူက လွတ်လပ်တဲ့ ဆန္ဒသဘောထားအလျှောက် ရွေးချယ်တဲ့ရလဒ်ကို ကျွန်တော်တို့ လေးစားရမှာပေါ့။”လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မှာတော့ NLD ပါတီက ဒေါက်တာမေဝင်းမြင့်ဟာ ခိုင်လုံမဲ(၉)သောင်းဝန်းကျင်ရရှိခဲ့ပြီး ဒေါ်သက်သက်ခိုင်က ခိုင်လုံမဲ(၇၀၀၀)ကျော်ပဲရရှိခဲ့တာဖြစ်ပါတယ်။

“ပြည်သူလူထုရဲ့ဆုံးဖြတ်တာကို ကျွန်မတို့က နာခံရမှာလေ။ နိုင်ငံရေးလုပ်တယ်ဆိုတာကတော့ ပြည်သူလူထုထားတဲ့နေရာမှာ နေရမှာပါ့။”လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးဖို့ ခက်ခဲခဲ့ကြတဲ့ပါတီတွေဟာ အောင်နိုင်ရေးအတွက် Facebook မှာ ငွေအသုံးပြုမဲဆွယ်ခဲ့ကြပြီး USDP က အမေရိကန်ဒေါ်လာ (၂) သောင်းကျော်၊ PPP က အမေရိကန်ဒေါ်လာ (၆) ထောင်ကျော်၊ UBP က အမေရိကန်ဒေါ်လာ (၅) ထောင်ကျော်နဲ့ ဒီချုပ်ပါတီက အမေရိကန်ဒေါ်လာ (၅) ထောင်ကျော် သုံးစွဲခဲ့ပါတယ်။

အဲဒီလို ငွေကြေးတွေအသီးသီးအသုံးပြုခဲ့ကြပေမဲ့ ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းကပဲ ပြည်ထောင်စုလွှတ်တော်မှာ နိုဝင်ဘာလ(၁၃)ရက်နေ့ မနက်ပိုင်းအထိ (၂၅)နေရာပဲ ရရှိထားပါသေးတယ်။

“တူတာတွဲလုပ်၊ မတူတာ ခွဲလုပ်ပေါ့နော်။ တူတာတွဲလုပ်ရင်းနဲ့ မတူတာကို တူအောင်လုပ်ပေါ့နော်။ အဲဒီ အတိုင်းသွားမယ်။ ကျွန်တော်တို့က အသာစီးရလို့၊ အနိုင်ရလို့ဆိုပြီးတော့ တဖက်သတ် ကျွန်တော်တို့ လုပ်မှာမဟုတ်ပါဘူး။”လို့ NLD ပါတီ မုံရွာအောင်ရှင်က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကလည်း ဒီချုပ်ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သလို အခုနှစ်ရွေးကောက်ပွဲမှာလည်း ပါတီဥက္ကဋ္ဌဦးသန်းဌေးကလွဲလို့ ပါတီခေါင်းဆောင်ပိုင်းအများအပြား အပါအဝင် ကျန်တဲ့ကိုယ်စားလှယ်လောင်းတွေဟာ ထပ်ပြီးတော့ အပြတ်အသတ်ရှုံးနိမ့်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမဲရလဒ်ဟာ သန့်ရှင်းတဲ့မဲရလဒ်မဟုတ်ဘူးလို့ ခံယူထားပြီး အမှုဖွင့်၊ တရားစွဲဆိုနိုင်ဖို့ ခိုင်မာတဲ့အချက်အလက်တွေ စုဆောင်းနေသလို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေကိုလည်း ကန့်ကွက်စာတင်ထားပြီလို့ ဆိုပါတယ်။

ပြည်သူက အပြောင်းအလဲလိုချင်နေတဲ့ ၂၀၁၅ တုန်းကတောင် ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရလဒ်တွေဟာ အခုမဲရလဒ်လောက် မကွာဟခဲ့ဘူးလို့လည်း ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက ပြောပါတယ်။

ဥပမာတစ်ခုအဖြစ် ၂၀၁၅ ခုနှစ်က ကာကွယ်ရေးဝန်ကြီးဟောင်းဦးဝေလွင်ဟာ ပုဗ္ဗသီရိမဲဆန္ဒနယ်မှာ ဒီချုပ်ပါတီကို(၁၇၆)မဲ အကွာနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ အခုရွေးကောက်ပွဲမှာတော့ မဲ(၁)သောင်းကျော်နဲ့ အပြတ်အသတ် ရှုံးနိမ်ခဲ့တာပါ။

မဲဆွယ်စည်းရုံးရေးကာလအပြင် မဲပေးခဲ့တဲ့နေ့တွေ၊ မဲရေတွက်တာတွေနဲ့ မှတ်တမ်းတင်တဲ့ဖြစ်စဉ်တွေမှာ ပြည်ခိုင်းဖြိုးပါတီက နောက်ဆက်တွဲလုပ်ဆောင်ရမယ့် ကိစ္စတွေရှိနေပြီး အဲဒီကိစ္စတွေကို ဥပဒေနဲ့အညီ ရရှိထားတဲ့အထောက်အထားတွေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး မတင်မကျဖြစ်နေတယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ(၁၆)ခုက ခေါင်းဆောင်တွေက ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးဖို့ နိုဝင်ဘာလ(၁၁)ရက်က တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်နဲ့ ကိုက်ညီမှုမရှိတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး (ဒေါ်အောင်ဆန်းစုကြည်ကို ဆိုလိုသည်)တို့ဟာ ပါတီမဲဆွယ်စည်းရုံးရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ(၇)၊ ပုဒ်မခွဲ(ခ)မှာတော့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ရွေးကောက်ပွဲကြေညာတဲ့နေ့ကစလို့ အခြေခံဥပဒေနဲ့အညီ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အခုရွေးကောက်ပွဲကိုတော့ NLD ကကျင်းပခွင့်ရရှိတဲ့ မဲဆန္ဒနယ်အားလုံးမှာ ကိုယ်စားလှယ်လောင်း (၁၁၃၁)ယောက် ဝင်ပြိုင်ခဲ့ပြီး ဒီနေ့နိုဝင်ဘာလ(၁၃)ရက်နေ့ မနက်ပိုင်းအထိ ကော်မရှင်ထုတ်ပြန်တဲ့စာရင်းအရ ပြည်ထောင်စုလွှတ်တော်မှာ (၃၄၆)ယောက် အနိုင်ရရှိထားပါတယ်။

NLD

          UEC မှထုတ်ပြန်သည့်စာရင်းရလဒ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

ပြည်ထောင်စုလွှတ်တော်ထဲ တပ်မတော်သားကိုယ်စားလှယ်(၁၇၆)ယောက်ရှိနေချိန် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ပြည်သူ့လွှတ်တော်(၁၅)နေရာ၊ အမျိုးသားလွှတ်တော်(၇)နေရာ စုစုပေါင်းမဲဆန္ဒနယ်(၂၂)နေရာက ရွေးကောက်ခံကိုယ်စားလှယ်တွေ လစ်လပ်နေပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ကိုယ်စားလှယ်(၇၅) ရာခိုင်နှုန်းကျော်လိုအပ်နေချိန် လွှတ်တော်ထဲမှာ (၇၁)ရာခိုင်နှုန်းကျော်ပဲ ရွေးကောက်ခံအမတ်တွေ ရှိနေတာပါ။

ဒီချုပ်ပါတီရဲ့ ပထမအစိုးရသက်တမ်းအတွင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အဖွဲ့ဝင်(၄၅)ယောက်ပါတဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို အားထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ကော်မတီကတင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ပြည်ထောင်စုလွှတ်တော်ဆီ တင်သွင်းခဲ့ပေမဲ့ အရေးကြီးတဲ့ဥပဒေပုဒ်မတွေကို ပြောင်းလဲပြင်ဆင်ခွင့်မရခဲ့ဘဲ ပထမသက်တမ်း အဆုံးသတ်ခဲ့ရပါတယ်။

မုံရွာအောင်ရှင်ကတော့ “ဖွဲ့စည်းပုံပြင်ဖို့ ကျွန်တော်တို့ အဆင့်တွေကို အများကြီးဖြတ်ကျော်ရမှာပါပဲ။ အဓိက အတားအဆီးဖြစ်နေတာက တပ်မတော်ပေါ့နော်။ တပ်မတော်နဲ့ ကျွန်တော်တို့ ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲ၊ ဘယ်လိုအပေးအယူလုပ်မလဲ အဲဒီဟာတွေကတော့ ဆက်ပြီးအလုပ်လုပ်ကြရမယ့်အထဲမှာ ပါမှာပါ။”