တိုက်ပွဲဖြစ်နေတဲ့ ပလက်ဝနဲ့အမ်းမှာ ရွေးကောက်ပွဲလုပ်၊ မလုပ်ပြန်သုံးသပ်နေ

0
149
O Media
O Media

Photo : CISC

အောက်တိုဘာ(၂၀)ရက်၊ ၂၀၂၀။

တိုက်ပွဲတွေဖြစ်နေတဲ့ ပလက်ဝနဲ့ အမ်းမြို့နယ်တို့မှာ ရွေးကောက်ပွဲ လုပ်၊ မလုပ်ဆိုတာကို ပြန်သုံးသပ်နေပြီး ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ အောက်တိုဘာလ(၂၀)ရက်နေပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောကြားလိုက်တာပါ။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ သိပ်မပြင်းထန်တဲ့မြို့တွေမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကော်မရှင်ကထုတ်ပြန်ထားပြီး ပလက်ဝနဲ့အမ်းကိုတော့ ရွေးကောက်ပွဲလုပ်နိုင်တဲ့စာရင်းထဲ ထည့်ထားတာဖြစ်ပါတယ်။

“အမ်းနဲ့ပတ်သက်လို့လည်း သက်ဆိုင်ရာက သဘောထားမှတ်ချက်ပေးထားပါတယ်။ အဲဒီအပေါ်မှာ ကြည့်ပြီးတော့ ကြေညာခဲ့ခြင်းဖြစ်တယ်။ ဒါကိုလည်း ပြန်လည်ပြီးတော့ သုံးသပ်ဖို့ရှိပါတယ်။ နောက် ပလက်ဝမြို့နယ်ကတော့ နောက်ထပ် ထပ်ကြေညာစရာရှိတယ်၊ စိစစ်စရာရှိတယ်။”လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေကိုယူပြီး အောက်တိုဘာလထဲမှာ ထပ်ကြေညာသွားမယ်လို့ ဆိုပါတယ်။

“အခု ချန်လှပ်ထားခဲ့တဲ့ မြို့နယ်၊ ကျေးရွာအုပ်စုတွေမှာ ဘေးကင်းလုံခြုံစွာမဲပေးနိုင်ပြီး အန္တရာယ်မဖြစ်တော့ဘူးဆိုရင် ဒါတွေကိုဆက်ပြီး ကျင်းပသွားမှာပါ။ အခုနိုဝင်ဘာလမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ မီရင်လည်းပဲ ကျွန်တော်တို့ဘက်ကတော့ ကျင်းပသွားဖို့ပဲရှိပါတယ်။”လို့ ဦးမြင့်နိုင်ကပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲလုပ်နိုင်တယ်လို့ ကြေညာပြီးသားဖြစ်ပေမဲ့ ရွေးကောက်ပွဲမကျင်းပခင် အန္တရာယ်ကျရောက် နိုင်လို့ ဘေးကင်းလုံခြုံတဲ့အခြေအနေမရှိရင် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းသွားမယ်လို့ သိရပါတယ်။

ကော်မရှင်ကတော့ ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ရဲ့ သဘောထားမှတ်ချက်အပြင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေရဲ့ တင်ပြချက်တွေကို စိစစ်သုံးသပ်ပြီး မြို့နယ်(၁၅)မြို့နယ်နဲ့ ရပ်ကျေး(၆၁၁)နေရာမှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ အောက်တိုဘာလ(၁၆)ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်အပေါ်မှာတော့ နိုင်ငံရေးပါတီအများအပြားက ကန့်ကွက်နေကြပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။