နှင်းဆီပါတီအပေါ် စိစစ်မှုအားနည်းခဲ့တယ်လို့ ကော်မရှင်ဝန်ခံ

0
196
O Media
O Media

Photo : UDP’s FB

အောက်တိုဘာ(၂၀)ရက်၊ ၂၀၂၀။

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ) မှတ်ပုံတင်လျှောက်ထားချိန်တုန်းက စိစစ်မှုအားနည်းခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဝန်ခံလိုက်ပါတယ်။

ဒီနေ့အောက်တိုဘာလ(၂၀)ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဝန်ခံပြောကြားခဲ့တာပါ။

“တစ်ဖက်ကလည်း တော်တော်သိပ်သိပ်သည်းသည်းနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တယ်ဆိုတာကို သုံးသပ်ရရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စထဲကလျှောက်တဲ့အခါ ဦးကျော်မြင့်ပါတယ်လို့ သုံးသပ်ရတာပေါ့။ သို့ပေမဲ့ ဦးကျော်မြင့်က ထွက်မလာဘူး။”လို့ ဦးမြင့်နိုင်က ပြောပါတယ်။

နှင်းဆီပါတီကို ဦးလှမြင့်ဆိုတဲ့နာမည်နဲ့ မှတ်ပုံတင်လျှာက်ထားခဲ့ပြီး ၂၀၁၀ ခုနှစ်၊ ၂၀၁၂ ခုနှစ်တွေမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်လောက်မှာ ဦးကျော်မြင့်ဟာ ပါတီတွဲဖက်ဥက္ကဋ္ဌဖြစ်လာတယ်လို့ သိရပါတယ်။

“ဦးကျော်မြင့်ဆိုတာကလည်း နိုင်ငံရေးထဲမှာ နာမည်တူ(၃) ယောက်လောက်တွေ့ခဲ့တယ်ပေါ့။ အဲဒါကလည်း မရှင်းလင်းခဲ့တာပေါ့။ အခုကျမှ ပေါ်ချလာတယ်။ ဒါကြောင့်လည်း ဒီဘက်က ချို့ယွင်းချက်၊ လုပ်ဆောင်ချက် အားနည်းခဲ့တယ်၊ စိစစ်မှုလိုအပ်ခဲ့တယ်လို့ပြောရမှာပေါ့။”လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရင်မှတ်တမ်းတွေအရ စစ်ဆေးဖို့ပြောတဲ့အခါ ဦးကျော်မြင့်ဟာ နိုင်ငံခြားကိုသွားတဲ့အချိန်နဲ့ ကြုံခဲ့တဲ့အတွက် စစ်ဆေးလို့မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဦးကျော်မြင့် ကိုင်ထားတယ်ဆိုတဲ့ မှတ်ပုံတင်ဟာလည်း တခြားသူကိုင်ထားတဲ့ မှတ်ပုံတင်နံပတ်ဖြစ်နေတာကို တွေ့ခဲ့ရတာကြောင့် အဲဒီအချိန်က စိစစ်မှုတွေ ကောင်းကောင်းမပြုလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

အခု UDP ပါတီကိုဖျက်သိမ်းချိန်မှာတော့ မဲလက်မှတ်တွေမှာ UDP နာမည်တွေပါနေတဲ့အတွက် မဲရုံရှေ့မှာ အဲဒီပါတီကို မဲပေးဖို့မလိုတော့သလို မဲပေးခဲ့ရင်လည်း ထည့်ရေတွက်တော့မှာမဟုတ်တဲ့အကြောင်း မဲရုံတွေမှာ အသိပေးစာရွက်တွေကပ်သွားမယ်လို့ သိရပါတယ်။