Semi Lockdown ချထားတဲ့ မြို့နယ်တွေမှာ ကွင်းဆင်းမဲဆွယ်ခွင့်မပြု

0
89
O Media
O Media

Photo : Semi Lockdown ချထားသည့် သင်္ဃန်းကျွန်းမြို့တွင်းတစ်နေရာ

စက်တင်ဘာ(၇)ရက်၊ ၂၀၂၀။

Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ လှည့်လည်မဲဆွယ်စည်းရုံးတာတွေ၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးတာတွေ ဆောင်ရွက်ခွင့်မပြုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ စက်တင်ဘာလ(၇)ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့အခါ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေနဲ့အညီ ဆောင်ရွက်ရမယ့် စံလုပ်ငန်းလမ်းညွှန်အပိုင်း(၁)မှာ အဲဒီအချက်ပါဝင်လာတာဖြစ်ပါတယ်။

အဲဒီ လမ်းညွှန်ချက်ထဲမှာ stay at home အစီအစဉ် သတ်မှတ်ထားတဲ့ တိုင်းဒေသကြီးပြည်နယ်မြို့နယ် ရပ်ကွက်ကျေးရွာဒေသတွေမှာ လှည့်လည်မဲဆွယ်စည်းရုံးတာ၊ ပြင်ပနေရာတွေနဲ့ အဆောက်အုံတွေထဲမှာ မဲဆွယ်တာ၊ အိမ်တိုင်ရာရောက် မဲဆွယ်တာတွေကို လုံးဝ(လုံးဝ) မဆောင်ရွက်ရဘူးလို့ ပါရှိပါတယ်။

အခုအချိန်မှာတော့ ရန်ကုန်က မြို့နယ်(၇)မြို့နယ်၊ မြင်းခြံ၊ မော်လမြိုင်ကရပ်ကွက်(၂)ခုနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးကို Semi Lockdown ချထားပါတယ်။

ဒါ့အပြင် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်တဲ့အခါ တစ်ကြိမ်ကို လူအယောက်(၅၀)ထက်ပိုပြီး မစုဝေးကြဖို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးတွေကို စက်တင်ဘာလ(၈)ရက်နေ့ကစပြီး နိုဝင်ဘာ(၆)ရက်နေ့ ည(၁၂)နာရီထိ ခွင့်ပြုထားပါတယ်။

လာမယ့်ရွေးကောက်ပွဲကို ပါတီပေါင်း(၉၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တစ်သီးပုဂ္ဂလတွေအပါအဝင် ကိုယ်စားလှယ်ပေါင်း(၆၉၆၉)ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။