YBS တွေမှာ နိုင်ငံရေးပါတီအလံနဲ့ စတစ်ကာတွေကပ်ရင် ယာဉ်လိုင်းပိတ်တဲ့အထိ အရေးယူမယ်

0
66
O Media
O Media

စက်တင်ဘာ(၁၈)ရက်၊ ၂၀၂၀။

YBS ယာဥ်တွေမှာ နိုင်ငံရေးပါတီအလံတွေနဲ့ စတစ်ကာတွေကပ်ထားရင် ယာဉ်လိုင်းပိတ်တဲ့အထိ အရေးယူသွားမယ့်အကြောင်း YRTA က ညွှန်ကြားထားတယ်လို့ Power Eleven Public ကုမ္ပဏီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလလဆန်းပိုင်းက အဲဒီညွှန်ကြားချက်ကို YBS ယာဥ်လိုင်းပြေးဆွဲနေတဲ့ ကုမ္ပဏီတွေဆီအကြောင်းကြားခဲ့တာလို့ သိရပါတယ်။

“အဓိကကတော့ ဒီကာလက ထိလွယ်ရှလွယ်တဲ့အချိန်ဆိုတော့ ရှေ့မှာလည်း ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်လေးတွေ လည်းရှိခဲ့တယ်။ ကြော်ငြာနဲ့ပတ်သက်ပြီး (၂၀၁၇)ခုနှစ်လောက်တည်းက ယာဉ်တွေမှာ စတစ်ကာတွေကပ်မယ်ဆိုရင် YRTA ရဲ့ စိစစ်ခွင့်ပြုချက်ယူရမယ်ဆိုပြီး ညွှန်ကြားထားပြီးသားပါ အခုကတော့ ပါတီတံဆိပ်တွေ၊ အလံတွေမတပ်ဆင်ထားကြဖို့ ညွှန်ကြားတာပါ။”လို့ Power Eleven Public ကုမ္ပဏီ ရဲ့ အုပ်ချုပ်မှုဒါရိုက်တာကိုတရုတ်လေးက O Media ကိုပြောပါတယ်။

YBS ယာဉ်တွေအနေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုအလံတွေ၊ စတစ်ကာတွေ ကပ်ထားတာတွေ ပြုလုပ်ခွင့် မရှိသလို ယာဥ်မောင်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ချိန်မှာ နိုင်ငံရေးပါတီတွေရဲ့ အင်္ကျီတွေ၊ နှာခေါင်းစည်းတွေနဲ့ နဖူးစည်းတွေကို မဝတ်ဆင်ထားဖို့ညွှန်ကြားထားပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း YRTA က သူတို့ရဲ့ Facebook စာမျက်နှာမှာ တင်ပြထားပြီး မလိုက်နာရင် YRTA ကထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းတွေနဲ့အညီ အရေးယူသွားမယ်လို့ဆိုပါတယ်။