YRTA အနေနဲ့ YBS ပြေးဆွဲမှုကို အားမရသေး

0
293
YBS
YBS

ဇူလိုင်လ(၂၇)ရက်၊ ၂၀၁၉။

ရန်ကုန်တိုင်းထဲမှာ YBS ပြေးဆွဲမှုဟာ မျှော်မှန်းသလောက်ဖြစ်မလာသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)က ဝန်ခံလိုက်ပါတယ်။

အခုယာဉ်ပြေးနေတဲ့မှတ်တမ်းအရ ယာဉ်လိုင်းပေါင်း(၁၀၀)ဝန်းကျင်ရှိပေမဲ့ ၆၈.၈ ရာခိုင်နှုန်းဝန်းကျင်ပဲ ပြေးဆွဲနိုင်သေးပြီး (၉၅)ရာခိုင်နှုန်းဝန်းကျင်ပြေးဆွဲနိုင်မှ မျှော်မှန်းသလောက်ဖြစ်လာမယ်လို့ YRTA ရဲ့ အထွေထွေအတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

“ကျွန်တော် လစဉ်ယာဉ်မှတ်တမ်းကြည့်တယ်။ YBS က (၆၈.၈)လောက်ပဲ ပြီးခဲ့တဲ့လကပြေးဆွဲနိုင်ခဲ့တယ်။ မျှော်မှန်းထားသလောက်မရသေးဘူး။ ခရီးသည်ကရှိနေပေမယ့် YBS ကမထွက်နိုင်လို့ ဝန်ဆောင်မှုမပေးနိုင် ဘူးဖြစ်နေတယ်။”လို့ ဦးလှအောင်ကပြောပါတယ်။

အခု YBS ယာဉ်လိုင်း(၁၀၀)ဝန်းကျင်မှာ လမ်းကြောင်း(၁၂၀)ဝန်းကျင်ရှိပြီး အဲဒီအထဲက ယာဉ်လိုင်း(၃၂) လိုင်း ကို ကြားကားပပျောက်ရေးအဖြစ် ညပိုင်းပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

“မ.ထ.သ တုန်းကတော့ ညပိုင်းပြေးဆွဲပေးဖို့ မာမာချာချာနဲ့ပြောလို့မရခဲ့ဘူး။ အဲဒီတုန်းက BM တွေ၊ ဒိုင်နာတွေ ကြီးစိုးတယ်။ ကျွန်တော်ထိန်းလို့မရခဲ့ပါဘူး။ အခု ညပိုင်းပြေးဆွဲပေးနေတဲ့ (၃၂)လိုင်းကို ပြေးလား၊ မပြေးဘူး လားဆိုတာ ကျွန်တော်တို့ စစ်လို့ရတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးပြေးဆွဲနိုင်အောင် အများပိုင်ဖြစ်အောင်လုပ်နေ ပါတယ်။”လို့ ဦးလှအောင်ကပြောပါတယ်။

အခု YBS ယာဉ်စီးရေပေါင်း(၆၆၃၅)စီးကို မှတ်ပုံတင်ထားပြီး တစ်နေ့ကိုယာဉ်အစီးရေ (၄၅၀၀)ကျော်နဲ့ လူဦးရေ (၁.၉)သန်းလောက် နေ့စဉ်သယ်ယူပို့ဆောင်ပေးနေပေမယ့် ပြည်သူလူထုအတွက် လိုအပ်ချက်ဖြစ်တဲ့ ညပိုင်း
ပြေးဆွဲရေးကို တစ်ဦးတစ်ယောက်ပိုင်ယာဉ်လိုင်းတွေအဖြစ်ကနေ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲပြီး ပြေးဆွဲ နိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“တချို့ကြားကားတွေဟာ ကျွန်တော်တို့ယာဉ်တွေကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာကြောင့် ရဲနဲ့ရှင်းရတာ မျိုးတွေရှိတယ်။ အဲတော့ တရားဥပဒေစိုးမိုးရေးနဲ့ ညီညွတ်အောင် ကျွန်တော်တို့ဘက်ကလည်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ကို အကူအညီတောင်းရတယ်။ ကျူးလွန်ရင် အမှုဖွင့်ရတယ်။”လို့ ဦးလှအောင်ကပြောပါတယ်။

မ.ထ.သ ခေတ်တုန်း ညပိုင်းယာဉ်မဆွဲနိုင်ပေမဲ့ YRTA လက်ထက်မှာတော့ အများပိုင်ကုမ္ပဏီ(၂)ခုက (၂၄)
နာရီနဲ့ ည(၉)နာရီအထိ ပြေးဆွဲပေးတဲ့လိုင်းတွေရှိလာပြီး အများပိုင်ယာဉ်တွေ အင်အားဖြည့်တင်းပြီး တရားဥပဒေစိုးမိုးရေးပါဝင်မှ ကြားကားကိစ္စကို ဖြေရှင်းနိုင်မယ်လို့ သိရပါတယ်။

“ညဘက် ၈ ခွဲကျော်ရင် ကားတွေက သိပ်မရှိတော့ဘူး၊ အဲ့တော့ ကျွန်တော်တို့လို ၉ နာရီလောက်မှ ပြန်ရတဲ့ လူတွေအတွက်ကျတော့ အဆင်လုံးဝမပြေဘူး၊ တစ်ခါတစ်လေဆို ကားလုံးဝမလာလို့ လမ်းလျှောက်ခဲ့ရတဲ့ ရက်တွေတောင်ရှိပါတယ်။ ညဘက်ကို ကားတွေကို အချိန်နောက်ကျပြီးမှ သိမ်းစေချင်ပါတယ်။”လို့ တောင်ဥက္က လာပမြို့နယ်မှာနေတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကိုအောင်ပြည့်က ပြောပါတယ်။

ကြားကားပျောက်သွားရင် ကြားကားပြေးဆွဲတဲ့နေရာတွေကို YRTA ယာဉ်တွေဝင်ရောက်မပြေးဆွဲနိုင်တဲ့အခါ ခရီးသွားပြည်သူတွေအခက်အခဲဖြစ်နိုင်တဲ့အတွက် ကြားကားကိစ္စကို YRTA ယာဉ်ဝန်ဆောင်မှုကို တိုးမြှင့်ရင်းနဲ့ ဥပဒေနဲ့အညီဖြေရှင်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။